25 January 2014

သူငယ်ချင်းအမှတ်-၉

အိုရှိုးက မိန်းမရဲ့စာအုပ် ဆိုတဲ့စာအုပ်မှာ ‘ မိန်းမနဲ့ ယောက်ျားအကြား ခင်မင်မှုဟာ ဘာလို့မဖြစ်နိုင်တာလဲလို့ မင်းက ငါ့ကို မေးမယ်။ ထောင်ကျနေသူနဲ့ အကျဉ်းထောင်ကြားမှာ ခင်မင်မှု မရှိနိုင်ဘူး။ ခင်မင်မှုဆိုတာ တူညီတဲ့ လူအချင်းချင်း၊ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု၊ လူမှုဘဝ တိုးတက်မှုတွေရဲ့ အနှောင်အဖွဲ့က လွတ်ပြီး သူတို့ရဲ့ သဘာဝအမှန်အတိုင်း အစစ်အမှန် နေထိုင်တဲ့သူတွေသာ သူငယ်ချင်းဖြစ်နိုင်တယ် ’ လို့ ဆိုတယ်။

 ဒါဆို သူနဲ့ ကျွန်မ သူငယ်ချင်းဖြစ်နိုင်သလား။ လက်ထပ်မှုကို လိုလားပြီး အနှောင်အဖွဲ့ကို ကြောက်တဲ့သူနဲ့ လက်ထပ်မှုကို ထိတ်လန့်ပြီး အနှောင်အဖွဲ့ခံချင်သူကျွန်မတို့ဟာ သူငယ်ချင်းအဖြစ် သဟဇာတဖြစ်နိုင်တယ် မဟုတ်ပါလား။ ဒီအတွက် ကျွန်မတို့ကြားမှာ လွတ်လပ်မှုရှိတယ်။ ဆွဲဆောင်မှုကင်းတယ်။ကလေးတစ်ယောက်လို ရှင်သန်နေချင်သေးတဲ့သူနဲ့ မရင့်ကျက်တဲ့ကျွန်မတို့ သူငယ်ချင်းဖြစ်ကြတာ မဆန်းပါဘူး။

ပြီးတော့ ဟယ်ရီ နဲ့ ဆယ်လီတွေ့တဲ့အခါဆိုတဲ့ ရုပ်ရှင်ကားမှာ ဟယ်ရီက ပြောတာလည်း မှန်လိမ့်မယ်။ ဘယ်ယောက်ျားလေးမှ သူ့ကိုဆွဲဆောင်နိုင်တဲ့ မိန်းကလေးနဲ့ သူငယ်ချင်းမဖြစ်နိုင်ဘူးတဲ့။ 


သူနဲ့ကျွန်မ ယနေ့ထက်တိုင်သူငယ်ချင်းဖြစ်နေခြင်းက ကျွန်မက သူ့အတွက် ဆွဲဆောင်မှုမရှိလို့ပေါ့။ တနည်းအားဖြင့် ကျွန်မ ရုပ်ဆိုးလို့သာပေါ့။



အကျည်းတန်သူဖြစ်တဲ့အတွက် ဝမ်းသာရပါတယ်။ နေပျော်ပါတယ်။ သက်တောင့်သက်သာရှိလှပါတယ်။ သူ့လက်ကို မတွဲရခြင်းအတွက် ကျေနပ်ပါတယ်။သူ့သူငယ်ချင်းဖြစ်ရတဲ့ဘဝမှာ ရိုးစင်းစွာ ကျွန်မ ပျော်ပါတယ် တကယ်။ ကြယ်ဆိုတာ အဝေးကြည့်ပဲ လှတာမဟုတ်လား။  အနီးကပ်သွားတဲ့အခါ ပူလောင်ကျွမ်းသေဆုံးအောင် စွမ်းဆောင်နိုင်တဲ့ နေဖြစ်တယ်လေ။

ကျွန်မက သစ်ရွက်လှုပ်တိုင်း ရယ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်မဟုတ်။ Talyor Swift ရဲ့ You belong with me သီချင်းကို ဆိုညည်းကာ သူလှည့်ကြည့်လာမည့်အချိန်ကို မျှော်လင့်စောင့်စားနေသူလည်း မဟုတ်ပါ။

 

စွဲလမ်းတပ်မက်မှုတွေဟာ အနိစ္စသဘောမို့ တစ်ယောက်ကိုတစ်ယောက် သာယာမှုမပေးနိုင်တဲ့ နေ့ရက်များကို တွေးကြောက်စရာမလို၊သူ့ရဲ့ ဟာသဥာဏ်ရွှင်မြူးမြူးဟာ တာဝန်၊ဝတ္တရားတွေကြားမှာ ညှိုးနွမ်းသွားမှာ စိုးရိမ်စရာမလို၊ ပါးရေနားရေတွေတွန့်လိပ်လို့ ရုပ်အဆင်းယိုယွင်းလာတဲ့အခါ အချစ်လျော့စရာမလို၊ နားလည်မှုတွေလွဲမှားကာ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်စရာမလို။ သူငယ်ချင်းဆိုတာ ထာဝရအဖော်မဟုတ်လား။

သူ့ကို အမြဲတစေ ပြုံးပျော်စေချင်ပါတယ်။ Leona Lewis ရဲ့ 'Here I Am' ဆိုတဲ့ သီချင်းလေးအတိုင်း ပြောချင်ပါသေးတယ်။
‘ဒီရူးနှမ်းနေတဲ့ ကမ္ဘာကြီးမှာလေ...အထီးကျန်တဲ့အချိန်တွေလည်း ရှိမယ်။ အချိန်တော်တော်များမှာ ဘယ်သူက မင်းအနားမှာ ရှိလဲဆိုတာ သိဖို့ ခက်လိမ့်မယ်။ ဘယ်သူ့ကို တကယ်ယုံကြည်နိုင်သလဲ။ ဘယ်သူကို မင်းအမှန်အတိုင်းသိနိုင်သလဲ။

တစ်ခါတစ်လေ မင်းမတတ်နိုင်တဲ့အရာတွေ ဖြစ်လာတဲ့အခါ မင်းအထီးကျန်နေတာကို လျော့နည်းအောင်လုပ်နိုင်တဲ့ တစ်ယောက်ယောက်ရှိနိုင်သလား။ မင်းပြေးလာဖို့တစ်နေရာလိုအပ်တဲ့အခါ ၊ မင်းငိုဖို့ ပုခုံးတစ်ဖက်လိုအပ်တဲ့အခါ...။

ဟုတ်တယ်။ ငါ မင်းရဲ့ သူငယ်ချင်းအဖြစ်ထာဝစဉ်ရှိနေမယ်။ မိုးရွာနေတဲ့အခါ အရိပ်အာဝါသတစ်ခု လိုအပ်တဲ့အခါ၊ မင်းနာကျင်မှုကို ကုသဆေးလိုအပ်တဲ့အခါ အဲဒီအချိန်တိုင်းမှာ ငါ ရှိနေမယ်။ တစ်စုံတစ်ယောက်က မင်းကိုချစ်ဖို့ လိုအပ်တဲ့အခါ ငါ ဒီမှာလေ။'

သူငယ်ချင်းအဖြစ် သူ့ကို ထာဝရပျော်ရွှင်အောင်ထားနိုင်သူသာ ဖြစ်လိုလှပါတယ်။ ဒီလို သီချင်းကတဆင့် ဖွင့်ဆိုမိတဲ့ ကျွန်မရဲ့သစ္စာကို သူကြားနိုင်မှာ မဟုတ်ပါ။ လွမ်းတော်မူလို့ စာကိုသီလည်း ကျွန်မရဲ့စာကို သူမဖတ်ပါ။ ဒါသည်လည်း သူငယ်ချင်းဖြစ်ခြင်းရဲ့ ကောင်းခြင်းလက္ခဏာ တစ်ခုမဟုတ်ပါလား။ ။

မယ့်ကိုး

12 January 2014

‘ဗိသုကာ ပုံပြင်’

ရယ်တော့လည်း ရယ်စရာ။ ဗိသုကာရွှေရတုပွဲအကြို အချင်းချင်းစည်းလုံးညီညွှတ်အောင် ကျင်းပတဲ့စကားရည်လုပွဲက အပြန်မှာ ကျွန်မတို့နှစ်ယောက် အကြီးအကျယ်စကားများခဲ့တာ ဖြစ်ပါတယ်။ ခေါင်ဘယ်လောက်ပဲလှုပ်ခတ်ဆူပူနေပေမယ့် ကျွန်မ ဆိတ်ငြိမ်နေခဲ့တာပါ။ ဒါပေမယ့် မိုးဟာ အရင်လို သာယာညောင်းညောင်းစဲမသွားခဲ့ဘူးလေ။

မပြောနဲ့တော့။ တော်တော့ ခေါင်ရာ။ တောင်းပန်သံဟာ နှုတ်ထွက်စကားမဟုတ်ပေမယ့် မျက်ဝန်းအဝေ့နဲ့တင် ခေါင်ဖြေလျှော့သင့်တာ။ ဒါပေမယ့် လျှပ်စီးတွေဟာ ထပ်မံပြီး ပြိုးပြိုးပျက်ပျက်။ ‘တကယ်ပါ ခေါင်ရယ်။ အချေဘက်က ရှုံးမှာ သိသာလွန်းနေတော့ ကျွန်မက အားပေးတဲ့ အနေနဲ့ လက်ညှိုးထောင်လိုက်မိတာပါ။’

ရှင်းလွန်းတဲ့ အကြောင်းပြချက်ကို ဘယ်လိုမှ မကျေနပ်နိုင်တဲ့ခေါင်ဟာ ပခုံးတွန့်ရင်း အဲဒီအစကိုပဲ ရက်ရက်စက်စက်ဆွဲထုတ်ပြန်တာ။ ‘ရတယ်လေ…ဗိသုကာအချင်းချင်းယူရင် မဖြစ်ဘူးလို့ မင်းထင်တယ် မဟုတ်လား။’ ခေါင်တော်တော့။ ကျွန်မကို ဒီထက်ပိုပြီး မနှိပ်စက်ချင်နဲ့။ ကျွန်မရဲ့ ခံနိုင်ရည်အားဟာလည်း အဖြူရောင်ပိုးမျှင်တစ်စလို တော်တော်လေးကို ပါးဖျော့နေပြီ။ မှားခဲ့တာ။ 

တကယ်တော့ တရားခံဟာ ကျွန်မရယ်သာ။စိတ်ကလေးကို ဆင်ခြင်မဲ့နည်းနည်း လွှတ်ပေးလိုက်မိတဲ့အတွက် နှလုံးသွေးချင်းနီမယ့်ရလာဒ်တွေ ရောက်ရှိလာ။ခေါင်းစဉ်က ‘ဗိသုကာအချင်းချင်း အိမ်ထောင်ပြုသင့်သည်’တဲ့။ ‘မင်းအတွက် ဗိသုကာတစ်ယောက်ဟာ အိမ်ထောင်ဖက်မဖြစ်သင့်ဘူးလို့ ယုံကြည်သလို ပြောလိုက်စမ်းပါ။’ သေချင်တယ်။ ကျွန်မ တကယ်ပဲ နွမ်းနယ်နေပြီ။

ကြိုးစားပန်းစားပြုံးလိုက်နိုင်ပေမယ့် မျက်ဝန်းတစ်လျှောက်မှာ တစိမ့်စိမ့်သိပ်သည်းလာတဲ့ အရည်ကြည်လေးတွေကို မတားဆီးနိုင်တော့။ ကောင်းပြီ။ ခေါင် သိပ်အနိုင်လိုချင်နေတယ် မဟုတ်လား။ နာကျင်စကားကို ကျွန်မဆိုမယ်။ ‘ဒီပွဲကို အပျော်တစ်ခုအနေနဲ့ သူငယ်ချင်းတွေကို ဆုံချင်တဲ့စိတ်နဲ့ ကျွန်မလာတယ်လို့ ခေါင်ထင်နေရင် အဲဒီကစပြီး အကြီးအကျယ်မှားပြီ။’ ဘာဖြစ်လို့များ ယောင်မှားပြီး ပြောမိပြန်ပါလိမ့်။

 အခုတော့ နက်လွန်းလို့ မမြင်နိုင်တဲ့ ဒဏ်ရာကိုယ်စီကို မွေးမြူမိတော့မှာ။ ခေါင့်မျက်နှာမှ တစ်ခါမှ မမြင်ဖူးတဲ့ အရိပ်များ။ ပြောလေ။ ဆက်ပြောတော့။ ရေစပ်မှာ ခြေချပြီးမှတော့ အဆုံးထိ ငုပ်ဆင်းရတော့မှာ။ မိုးကြိုးလိုအကြည့်ကို တတ်နိုင်သမျှရှောင်တိမ်းကာ ဆေးခါးတိုက်ဖို့ မျက်စိမှတ်ပြင်ဆင်ကာ။

 ပြင်းပြင်းထန်ထန်အားနာပေမယ့်လည်း အကွက်စိပ်စိပ်နဲ့ တငွေ့ငွေ့ဂျီတိုက်နေတော့လည်း အနာကို ဆွပြီး ပြောရတော့မှာ။ ဒဏ်ရာ။ အတွင်းကြေဝေဒနာကို ဘယ်ကစလို့ ဘယ်လိုပြောရမယ်။ ဗိသုကာယောက်ျားတစ်ယောက်ကို စူးစူးနစ်နစ်သည်းသည်းထန်ထန် ချစ်နိုင်ဖို့အတွက် အတ္တမာနတွေကို ဘယ်လောက်အတိုင်းအတာအထိ ဖဲ့ခြွေစွန့်ထုတ်ခဲ့ရတယ်ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်တဲ့ အကြောင်းအရာ။ ခေါင်လည်း ဘယ်တော့မှ မသိနိုင်။ ကိုယ်ချင်းမစာနိုင်။ နားမလည်နိုင်။

ဘယ်အရာကိုမှ သည်းမခံနိုင်။ ဟန်မဆောင်နိုင်။ မဖုံးကွယ်နိုင်တော့။ ဟန်ဆောင်ရယ်မောထိန်းသိမ်းခဲ့သမျှဟာ အခုအချိန်မှာ ချုပ်ရိုးတွေဟာ တစ်စီယိုင်ယဲ့လာနေပြီ။ ‘ပါရမီဖြည့်ဖက်ဆိုတဲ့ ဝေါဟာရက ခြောက်လှန့်တဲ့ အခါတိုင်း ကျွန်မ သွေးပျက်တယ်။’ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါနော်။ ရူးသွားမှာစိုးလို့ လွှတ်ပေးလိုက်တော့မယ်။ လည်ချောင်းမှာ အက်ရှနာကျင်နေတကာ ခေါင့်ဆံပင်ညိုလေးတွေကိုပင် မကြည့်ရဲတော့ဘဲ အဖြားတစ်ဖက်ကို အလျင်စလို မျက်နှာမူလိုက်ရပါတယ်။

 ‘အတ္တကြီးတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့၊ ဘဝမြင့်တဲ့၊ မာနကြီးတဲ့ ဗိသုကာတွေဟာ သူတို့အချင်းချင်း ဘယ်လိုမှ အဆင်မပြေနိုင်ဘူးတဲ့။ သိပ်မှန်လွန်းတယ်လို့ ခေါင်မထင်ဘူးလား။’ ပြောလေခေါင်ရဲ့။ တစ်ခွန်းလောက် ပြန်ပြော။ ကျွန်မကို စကားပြန်တာ မိုးစက်များသာ။ သည်းခံပါခေါင်ရယ်။ အဲဒီစရိုက်ဆိုးတွေကို ခေါင့်အပြုံးနဲ့ လဲလှယ်နိုင်ဖို့ ကျွန်မ ဘယ်လောက်ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်ဆိုတာ ခေါင်ဘယ်တော့မှ ထိုးထွင်မြင်နိုင်မှာ မဟုတ်ပါဘူး။

ဗိသုကာယောက်ျားတစ်ယောက်ကို ရူးရူးမိုက်မိုက် ရွေးချယ်နိုင်ဖို့အတွက် အိပ်မက်တွေကို ဘယ်လောက်ကြာကြာ မီးရှို့ဖောက်ဖျက်ခဲ့ရတယ်ဆိုတာ ဘယ်သူမှ မထင်မှတ်နိုင်တဲ့ အကြောင်းအရာ။ ခေါင်လည်း ဘယ်တော့မှ မသိနိုင်။ ကိုယ်ချင်းမစာနိုင်။ နားမလည်နိုင်။

ဆုတ်လည်းစူး၊စားလည်းရူးတော့မယ့် အချိန်မှာ လူတွေက ဘာကို ရွေးကြမလဲ။မိုက်မဲလွန်းတဲ့ မိန်းမငယ်ကတော့ ခေါင့်အပြုံးကိုသာ ဖက်တွက်ခဲ့တာ။ ရူးမယ်မှန်းသိလျှက် ပဒိုင်းသီးကို တပ်မက်ခဲ့သူဟာ အတ္တမာနတွေကို ချိုးခြေခေါက်ကာ ခေါင့်ရဲ့အရိပ်နောက်က တိတ်တိတ်လေးလိုက်ဖို့ မျက်စိမှိတ်ကာ ဆုံးဖြတ်ခဲ့တယ်လေ။


‘ခေါင် ကြားသလိုပဲ အချေရှင်တွေ ပြောတဲ့ အချက်အလက်က နည်းနည်းလေးပါ။ ဒါပေမယ့် ကျွန်မရင်ထဲရောက်တယ်။ အဲဒါကြောင့် ကျွန်မ ထောက်ခံခဲ့တယ်။’ အတူတူလျှောက်ရင် တစ်ယောက်ယောက်က မိသားစုအတွက် နောက်ဆုတ်ပေးရသတဲ့။ ဒီလိုပြောရင် ခေါင် လက်မခံဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ခေါင်လည်း သိမှာပါ။ ခေါင်နဲ့ ကျွန်မဟာ ဘယ်တော့မှ ခြေလှမ်းမညီနိုင်ဘူး။ ခေါင့်ရဲ့နာမည်ကို ပုခုံးချင်းယှဉ်တိုက်ပြီး ကျွန်မ ဘယ်တော့မှ ခေါင်းမော့ပြုံးမှာ မဟုတ်ဘူး။ ခေါင်ဟာ ကျွန်မထက် ပိုတော်တယ်။ ပိုတတ်တယ်။ ပိုထက်မြက်တယ်။ အဲဒါ အမှန်တရားပါ။ ကျွန်မလည်း အဲဒီလိုပဲ အမြဲယုံချင်ပါတယ်။

 ခေါင့်ရဲ့အပြုံးဟာ အရာရာကို ဖန်တီးပေးတယ်။ ကျွန်မလည်း အဲဒီကမ္ဘာသစ်မှာပဲ ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်။ ဒါပေမယ့် အသက်ငင်နေတဲ့ ကိုယ့်အိပ်မက်တွေကို ဒဏ်ရာအစိမ်းလတ်လတ်နဲ့ ပြန်မြင်မက်နေရတဲ့အခါမျိုးမှာ ဘယ်သူကများ လွယ်လွယ်ကူကူလက်စသတ်နိုင်မှာလဲ။ ဘယ်လောက်ကြာကြာ မျက်နှာလွှဲနေနိုင်မှာလဲ။ ရုတ်တရက် လွင့်ထွက်သွားခဲ့တာ။ စိတ္တဇ။ ကိုယ့်အကြောင့်ကိုယ်သိရဲ့ ထိန်းသိမ်းရန်ခက်ခဲ့။

 အလို… အခုထိ ခေါင် တစ်ခွန်းမှ မဟသေးပါလား။ ယခုထက်တိုင် ခေါင်တစ်ယောက် တိတ်ဆိတ်နေဆဲ။ ခေါင်ဘာမှ မပြောပေမယ့်လည်း ကိုယ့်စကားကိုယ် အဆုံးသတ်ရဦးမှာ။ ‘ဒီပွဲကို လာကြည့်တဲ့အကြောင်းက ကိုယ်ရွေးချယ်ခဲ့တာ မှန်တယ်လို့ ကိုယ့်ကိုယ်ကို အားပေးချင်လို့ပါ။ တကယ်ပဲ ကျွန်မ အဲဒီလို ယုံချင်တယ်။ ယုံမှဖြစ်မယ်။ ခေါင့်အပြုံးကို အမြဲမြင်ချင်လွန်းလို့ပါ။’

 သစ္စာစကား။ တကယ်ပါ။ ခွင့်လွှတ်ပါခေါင်ရယ်။ ခံနိုင်ရည်တွေ အဆုံးစွန်ရောက်လုအောင် တဖြည်းဖြည်းအရေးနိမ့်လာတဲ့အခါ ရူးသွားမှာစိုးလို့ တစ်ဖက်လှည့်ပေးလိုက်မိတာ။ တစ်စစသွေးကြောင်လာတဲ့ ကိုယ့်ကိုယ်ထဲက သွေးတွေကို မျက်နှာလွှဲပြီး ဖောက်ထုတ်ပစ်လိုက်တာ။ အခုမှပဲ အသက်ဝဝရှုနိုင်လာ။ ဒါပေမယ့် ခေါင့်ကို လှည့်ကြည့်မိတဲ့အခါမှာတော့ ကျွန်မ ရူးချင်သွားပါတယ်။ တစ်ခုခုပြောတော့မလို တဖွဖွလှုပ်ရှားလာတဲ့ ခေါင့်နှုတ်ခမ်းများကို မြင်ကာ နှလုံးသွေးအေးစက်သွားပြီး အမြင်တွေ ရီဝါးလာ။

 မှားပြီထင်ရဲ့။ ခေါင် နာကြည်းသွားပြီလား။ အထင်မလွဲပါနဲ့ ခေါင်ရယ်။ အနားမှာ နေချင်လွန်းလို့ပါ။ မိုးစက်တွေ စွတ်စိုနေပေမယ့် နွေးတွေးနေဆဲ ခေါင်းပုခုံးထက်မှာ ကျွန်မ မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုပစ်လိုက်ပါတယ်။ ။ 

မယ့်ကိုး
 (Faces မုခမဂ္ဂဇင်း၊ ဇွန်။ ၂၀၀၅)

08 January 2014

‘အိပ်မက်ရိပ်’

‘မင်းသဘောမပေါက်ဘူး ။ဟုတ်တယ်မလား။ A ပုဂ္ဂိုလ် က B ပုဂ္ဂိုလ်ကို နားလည်တာ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်လာဖို့ အချိန်ကျလာလို့ပဲ။ Bပုဂ္ဂိုလ်က Aပုဂ္ဂိုလ်ရဲ့ နားလည်မှုလိုချင်လို့ မဟုတ်ဘူး။’ ဟာရုခိ မူရာကာမိရဲ့ နော်ဝေတောအုပ်ဆိုတဲ့စာအုပ်ထဲက ချစ်သောမိန်းမ ဟာဆုမိနှင့် မချစ်သောယောက်ျား နာဂဆဝါကို သတိရသောအခါ စိတ်မသက်မသာဖြစ်ရသည်။

နားလည်မှုမလိုအပ်သူကို နားမလည်တာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူမသည် အခုတော့ ဘယ်သူ့ကိုမှ နားမလည်ချင်တော့ပေ။ သူမကိုယ် သူမလည်း နားမလည်ချင်ပေ။ နားမလည်စေချင်သည့်သူကို အဘယ့်ကြောင့် နားလည်စရာလိုမည်နည်း။ သူ့ဆီက နားလည်မှုကိုရော အဘယ်ကြောင့် လိုအပ်နေသနည်း။ အဖြေမရှာချင်တော့။ ပင်ပန်းလွန်းလှသည်။

စိတ်ပညာစာအုပ်များကို လှန်လှောမကြည့်ချင်တော့။ သီအိုရီတွေ၊ အမေး၊အဖြေတွေနှင့် သုံးသပ်ရခြင်းမှာ နွမ်းနယ်လှသည်။ သို့သော် သူမခေါင်းထဲက အသံသည် သူမမကြားလိုသည့် အဖြေကို ရေရွတ်နေသည်။ 

‘ဒီလိုဖြစ်အောင် မင်းရွေးချယ်လုပ်ယူထားတာ။ ကိုယ့်ကိုနှစ်လိုသူဆီမှာ ပျော်ရွှင်ကြည်နူးနိုင်ရဲ့သားနဲ့ မချစ်မနှစ်သက်တဲ့သူရဲ့အရိပ်နောက်လိုက်ပြီး လောကကြီးကို နာကျည်း၊ အသည်းကွဲခံစားနေချင်တာ။ သေချင်လွန်းလို့ ကိုယ့်သေတွင်းကိုယ်တူးနေတာ။’

မဟုတ်ဘူးလို့ သူမ မငြင်းနိုင်။ မကြားယောင်ဆောင်နေသည်။ ဘာမှလာမပြောနဲ့။ နင်က အချစ်အကြောင်းမသိဘူးလို့ ရန်ထောင်ချင်သေးသည်။ အရေးမစိုက်ပါဘူးဆိုပေမယ့် သူပြောသလို ငါမဟုတ်ဘူးဆိုတာ သက်သေပြမည်ဟု သံန္တိဋ္ဌာန်ချမိပြန်သည်။ ကောင်းကင်ကိုပဲ မော့ကြည့်နေမိသည်။ နေရောင်ခြည်မရှိသောအရပ်မှာ သွားလို့ နေထိုင်မည်။

အလင်းကွယ်သောအရပ်တွင် အိပ်မက်လည်း မှောင်အတိဖြစ်နေမည်။ အရိပ်မျှ မမြင်ရလျှင် အမှတ်တရဆိုတာ မှတ်ဥာဏ်ထဲက လွင့်ပါးသွားမည် မဟုတ်လား။ အချစ်ဆိုတာလည်း ကြွေမွပျက်စီးသွားမည်။ နားလည်မှုတွေနဲ့ အချိန်ကုန်ရမယ့် အရွယ်မဟုတ်တော့ပြီ။ ဘဝကို လိုသလို ပုံသွင်းတည်ဆောက်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား။

ဥပေက္ခာဟု စကားအလှသုံးကာ မြင်တွေ့ခံစားရသမျှကို တတ်နိုင်သလောက် လျစ်လျူရှုနိုင်အောင် ကြိုးစားနေလေသည်။ သူ့ကို နားလည်ချင်စိတ်ပေါ်လာသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ငါ့နဲ့မဆိုင်ဟု အဖန်ဖန်ရွတ်ကာ ထုံနေအောင် နှလုံးသွင်းရသည်။ ပင်ပန်းလှသည်။ ကြာတော့လည်း နေတတ်သွားမှာပါဟု ကိုယ့်ကိုယ်ကိုယ်အားပေးရသည်။ မေ့ပျောက်သွားမှာပါလို့လည်း ဖြားယောင်းသွေးဆောင်ရသည်။

သူ့ဘဝထဲမှ အမှုန်အစတစ်ခုလို သူမတစ်ယောက် လွင့်စင်ပျောက်ကွယ်သွားမည်။ ဝမ်းနည်းစရာလား။ သူမဘဝထဲမှာလည်း သူပုံရိပ်သည် ပါးလွှာမှေးမှိန်သွားမည်။ ပျက်စီးခြင်းအမှန်တရား အနိစ္စလို့ ဘုရားဟောသည် မဟုတ်လား။ မမြဲခြင်းသဘော သင်္ခါရလည်း ဖြစ်တော့သည်။ နောက်နောင်ဘဝတွင် သူမသည် သူမကိုချစ်သော၊သူမက ချစ်သောသူတွေနှင့် ဝန်းရံနေမည်ဟု အိပ်မက်မက်ပြန်သည်။

 နောက်နောင်ဘဝ။ No! ဘယ်လောက်မှားယွင်းအကျည်းတန်လိုက်တဲ့ အတွေးအခေါ်လဲ။ သူမသည် ဒီဘဝမှာ အချစ်ကို မထွေးပွေ့ရဲလောက်အောင် သရဲဘောကြောင်သူဖြစ်သလား။ သူမသည် ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမလို့ ကိုယ့်ဘာသာပြဋ္ဌာန်းပြီး အချစ်ကို အကြောက်အကန်ငြင်းနေခဲ့သလား။ တခြားလူတွေ အနိုင်ကျင့်တာနဲ့ သူမကိုယ်သူမ ဒဏ်ခတ်နေမိသလား။ဟင့်အင်း။ မဟုတ်ပါဘူးလို့ ထပ်မံငြင်းချင်သေးသည်။

‘နင့်ကို ဘယ်သူမှ မချစ်ဘူး။’ လို့ အမေ့စကားကို လည်းကောင်း၊ ‘ အစ်မကို ဘယ်သူမှ မချစ်ဘူး။’ လို့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ပြောစကားကိုလည်း ခါးသည်းမှုမှန်သမျှ နှလုံးသားထဲက အပြီးအပိုင်ထုတ်နိုင်အောင် ကြိုစားရမည်။ သူမ ချစ်ခြင်းကို ရသင့်သော၊ ရထိုက်သော၊ ရနိုင်သော လူတစ်ယောက် ဖြစ်သည်။ ထိုသို့အကြမ်းဖျဉ်းခံယူထားရမည်။ သို့သော် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမည်နည်း။

ခွေးတစ်ကောင်လောက်မွေးမည်။ သူမကိုတော့ ချစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အချစ်ခံရရင် သူမ ပျော်ရွှင်မည်လား။ ချစ်ခြင်းသည် ဆင်းရဲခြင်းရဲ့အကြောင်းလို့ ဘုရားဟောကို သတိရပြန်သည်။ အချစ်မခံရခြင်း ငရဲထက်ပင် ဆင်းရဲဦးမည်လား။ မမှုချင်။  တိရစ္ဆာန်တစ်ကောင်ရဲ့ အချစ်ကိုပဲ ရနိုင်မှာပေါ့လို့ မိတ်ဆွေအမျိုးသမီးကအစ အမေအဆုံး ဘယ်သူကပဲဖြစ်ဖြစ် ကဲ့ရဲ့လာလျှင်လည်း အလေးမထားလို။



ထရံကာ ဓနိမိုးပဲဖြစ်ဖြစ် အိမ်လေးတစ်လုံးဆောက်နိုင်အောင် ကြိုးစားမည်။ ခွေးမလေးတစ်ကောင်ကို သမီးလေးအဖြစ် မွေးစားမည်။ သမီးလေးက ကလေးတွေ မွေးလာရင် သူမက မြေးတွေဘာတွေရကာ အဘွားပင် ဖြစ်နိုင်သေးသည်။ ထိုအိပ်မက်သည် နောက်နောင်ဘဝ ဆုတောင်းထက် ဖြစ်နိုင်ချေရှိသည်ဖို့ စိတ်ကူးယဉ်ရင်းမှာပင် ကြည်နူးချမ်းမြေ့ရလေသည်။ ။

 မယ့်ကိုး 

05 January 2014

‘မိန်းကလေးများအားလုံး တန်းတူညီမျှပညာသင်ကြားခွင့်ရမယ့်အခါ…’

 ပညာသင်ကြားခြင်းဟာ လူ့ဘဝကို တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတစ်ခုဆိုတာ အားလုံးသဘောပေါက်နားလည်ကြပါတယ်။ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးအကော်မတီ (CESCR) စာတမ်းရဲ့ ပိုဒ်ခွဲ ၁၃မှာ မူလတန်းပညာရေးဟာ မလုပ်မဖြစ်လုပ်ဆောင်ရမယ့်အရာဖြစ်ပြီး အားလုံးအတွက်အခမဲ့ဖြစ်စေရမယ်လို့ ဆိုပါတယ်။ ဒီစာတမ်းက ညွှန်ပြသလိုပဲ ပညာသင်ကြားနိုင်ခွင့်ကို စီပွားရေးဆိုင်ရာ အခွင့်အရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးဆိုပြီး အမျိုးမျိုးသတ်မှတ်နိုင်တယ်။

ပညာသင်ကြားခွင့်ရှိမှာသာ ဒီအခွင့်အရေးတွေကို နားလည်သဘောပေါက်ပြီး အကျိုးသက်ရောက်မှုပြည့်ပြည့်ဝဝရရှိနိုင်မှာ ဖြစ်တဲ့အတွက် အလွန်ပဓာနကျတဲ့ အချက်ဖြစ်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်သလို နိုင်ငံရေးဆိုင်ရာအခွင့်အရေးလည်း ဖြစ်ပါတယ်။ လူ့ခွင့်အရေးကြေငြာစာတမ်းရဲ့ ပိုဒ်ခွဲ ၂၆မှာ လူသားတိုင်းပညာသင်ကြားခွင့်ရှိတယ်လို့ ဖော်ပြထားပေမယ့် ဒီလူ့အခွင့်အရေးကို ချိုးဖောက်မှုကို ခံနေရတဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေ ကမ္ဘာအနှံ့မှာ ရှိပါတယ်။ ကမ္ဘာ့စာမတတ်သူလူဦးရေနဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်ပြီး ဒါဟာ အမျိုးသမီးများ ခွဲခြားနှိမ့်ချခံနေရခြင်းကို ထင်ရှားသိစေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။

 ကုလသမဂ္ဂက ပြဋ္ဌာန်းတဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းရဲ့ စာပိုဒ်(၂၆)မှာ လူတိုင်းမှာ ပညာသင်ကြားဖို့ အခွင့်အရေးရှိတယ်။ အနည်းဆုံးတော့ မူလတန်းနဲ့ အခြေခံအဆင့်တွေမှာ ဒါ(ပညာသင်ကြားခွင့်)ဟာ အခမဲ့ဖြစ်သင့်တယ်လို့ ဆိုထားပေမယ့် ကုလသမဂ္ဂရဲ့ စစ်တမ်းများအရ ၇၂ သန်းမျှသော ကလေးတွေဟာ ကျောင်းမှာ မရှိဘဲ အများစုဟာ မိန်းကလေးတွေဖြစ်ပါတယ်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် Convention on the Elimination of All Forms of Discrimination Against Women (CEDAW) ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။

CEDAW စာချုပ်ရဲ့ အပိုဒ် (၁၀)အမျိုးသားများနှင့် တန်းတူ ပညာသင်ကြားခွင့် အပိုင်းမှာ စာချုပ်ဝင်နိုင်ငံများဟာ ပညာရေးနယ်ပယ်တွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရှိ စေရန်အလို့ငှာ အမျိုး သမီးများအား ခွဲခြားမှု ပပျောက်စေရေးအတွက် သင့်လျော်သည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရမည်။ အထူး သဖြင့် အမျိုးသားများ၊ အမျိုးသမီးများ တန်းတူ ညီမျှရေးအပေါ် အခြေခံ၍- 

(က)အသက်မွေးဝမ်းကျောင်းပုံနှင့် အသက်မွေးမှု ပညာနယ်ပယ်အတွက်၎င်း၊ ကျေးရွာများနည်းတူ မြို့ပြဒေသ များတွင် ဖွဲ့စည်းတည်ထောင်ထားရှိသည့် ပညာရေးဌာန အမျိုးအစား အားလုံးတို့၌ ပညာသင်ကြားရေးနှင့် ဒီပ လိုမာဘွဲ့များရရှိရေးအတွက် အာမခံချက်ရှိစေရမည်။ ဤတန်းတူညီမျှရှိရေးသည် မူလတန်းကြိုများ၊ အထွေထွေ နည်းပညာ အသက်မွေးဝမ်းကျောင်း မှု အတတ်ပညာနှင့် အဆင့်မြင့်နည်းပညာရေးများနည်းတူ အသက်မွေးဝမ်း ကျောင်းမှုပညာ အမျိုးအစားအားလုံးတို့တွင် အာမခံချက်ရှိစေရမည်။

(ခ)အလားတူ သင်ရိုးညွှန်းတမ်း၊ အလားတူ စာမေးပွဲများ၊ သင်ကြားသည့် အလားတူ အရည် အချင်းအဆင့်ရှိသူ ဆရာ/ဆရာမများ၊ ကျောင်းပရ၀ုဏ်များ၊ အလားတူအရည်အသွေးရှိ ပစ္စည်းကိရိယာများနှင့် သင်ကြားပိုင်ခွင့်ရှိစေ ရန် အာမခံချက်ရှိစေရမည်။

(ဂ)အဆင့်တိုင်းနှင့် ပုံစံတိုင်းတွင် မိန်းကလေးနှင့် ယောက်ျားကလေး အတူစာသင်ကြားမှုနှင့် အခြားနည်းပညာ သင်ကြားခြင်းကို အားပေးခြင်း၊ ဤရည်ရွယ်ချက်သို့ ရောက်ရှိစေရန် ပံ့ပိုး သည့်ပညာရေးအမျိုးအစားများနှင့် အထူး သဖြင့် ကျောင်းပညာသင်ခန်းစာ၊ စာအုပ်များအပြန် အလှန်လေ့ကျင့်ခြင်းနှင့် သင်ကြားရေးနည်းစနစ်များအစားထိုး ခြင်းဖြင့် ပညာရေးတွင် အမျိုးသားနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ တသမတ်တည်းပုံစံဖြင့် နေခြင်းကို ပပျောက် ရေးအတွက် အာမခံချက်ရှိစေရမည်။

(ဃ)ပညာသင်ဆုများနှင့် ပညာသင်ကြားရေးအခြားဆုများရရှိ အကျိုးခံစားခွင့်တွင် တူညီသောအခွင့်အလမ်းများ ရရှိစေရမည်။

(င)အထူးသဖြင့် အစောဆုံးဖြစ်နိုင်သော အချိန်ကာလတွင် အမျိုးသား၊ အမျိုးသမီးများ အကြားတည်ရှိနေသည့် ပညာရေးကွာဟချက်များ လျော့ပါးရန် ရည်ရွယ်သည့်အရွယ်ရောက် သူဆိုင်ရာနှင့် လုပ်ငန်းဆိုင်ရာ စာပေသင်ကြား တတ်မြောက်ရေးအစီအစဉ်များတွင် သင်ကြားခွင့်ရရန် အခွင့်အရေးများ၊ တူညီသော အခွင့်အလမ်းများရရှိစေ ရမည်။

(စ)ကျောင်းမနေဘဲထွက်ပြေးသောအမျိုးသမီးကျောင်းသူများလျော့ပါးရေးနှင့် အချိန်မတိုင်မီ ကျောင်းမှစွန့်ခွါသူမိန်းကလေးများနှင့်အမျိုးသမီးများအား စုစည်းဖွဲ့စည်းရန် အစီအစဉ်များကို အာမခံချက်ပေးရမည်။

(ဆ)အားကစားနှင့် ကာယပညာရေးတွင် တက်ကြွစွာပါဝင်ရန် အလားတူအခွင့်အရေးများ အတွက်အာမခံချက် ရှိစေရမည်။

(ဇ)သတင်းအချက်အလက်နှင့် မိသားစုစီမံကိန်းတွင် အကြံဥာဏ်ပေးခြင်းအပါအ၀င် ကျန်းမာရေး နှင့် ကျန်းမာ သော မိသားစုများဖွံ့ဖြိုးဖြစ်တည်ရေးကို အာမခံရန် သီးခြားပညာပေးရေး၊ သတင်းအချက်အလက်များကို သင်ကြား ခွင့်ရှိရန် အာမခံချက်ရှိစေရမည်။ လို့ ပါရှိပါတယ်။ မြန်မာနိုင်ငံမှ အမျိုးသမီးများဟာ မမွေးခင်ကတည်းက အခွင့်အရေးအပြည့်အ၀ ရနေပြီး ခွဲခြားဆက်ဆံမှုမရှိဟု CEDAW ကော်မတီသို့ မြန်မာအစိုးရမှ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြခဲ့ပါတယ်။ 

ထိုအစီရင်ခံစာမှာ ပြည့်စုံမှန်ကန်မှုမရှိကြောင်းကို ကျောင်းနေခွင့်မရဘဲ ကြုံရာအလုပ်လုပ်ကာ မိသားစုကို ထောက်ပံ့ပေးရသော မိန်းကလေးများ၊ အိမ်အကူအဖြစ် ရသင့်သောလုပ်အားခမရဘဲ အသက်မွေးနေရသော မိန်းကလေးများ၊ ကျောင်းတက်ခွင့်မရဘဲ အရွယ်မရောက်သေးခင်မှာပဲ မိသားစုဝင်ငွေရအောင် တစ်ဖက်တစ်လမ်းကြိုးပမ်းရသော မိန်းကလေးများကို မြန်မာနိုင်ငံအနှံ့အပြား မြို့ပြမှအစ တောခြုံအုံကြားပါမကျန် တွေ့မြင်နိုင်ပါတယ်။

Gender Discrimination in Education: The violation of rights of women and girls- Global Campaign for Education February 2012 စစ်တမ်းအရ မြန်မာနိုင်ငံမှာ မိန်းကလေး အယောက်၁၀၀ ကျောင်းအပ်မယ်ဆိုပါလျှင် မူလတန်းမှ အလယ်တန်းထိ သင်ကြားတဲ့မိန်းကလေးအချိုးဟာ ၇၂.၈% သာ ရှိပြီး အထက်တန်းအဆင့်မှာတော့ ၅၇.၉% သာ ကျန်ရှိပါတော့တယ်။ မိန်းကလေးတွေဟာ ပညာသင်ကြားတဲ့အခါ ခွဲခြားဆက်ဆံရမှုတွေ ရှိ၊မရှိကို သိဖို့ မေးခွန်းအချို့မေးရင်း အဖြေရှာနိုင်ပါတယ်။ ·

  •  မူလတန်းဝင်ခွင့်သာ မဟုတ်ဘဲ အတန်းပညာပြီးဆုံးတဲ့အထိ မိန်းကလေးတွေ သင်ကြားခွင့်ရရဲ့လား။ 
  • ပညာသင်ကြားနိုင်ခွင့်ရှိတယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ နေရာဒေသအခက်အခဲတွေနဲ့ ပညားမသင်ကြားနိုင်ဘဲ ပျက်ကွက်နှုတ်ထွက်ရမယ့် ဘာအခက်အခဲတွေရှိလဲ။
  •  ပညာသင်ကြားနိုင်ပါလျှက် မိန်းကလေးရဲ့ လုပ်အားကို ရယူဖို့ ၊စောစောစီးစီးအိမ်ထောင်ကျသွားလို့ ပညာသင်ကြားရေးမှာ ရပ်တန့်သွားခဲ့သလား။ 
ဒီအချက်တွေဟာ ယေဘူယျဥပမာမေးခွန်းမျှသာဖြစ်ပြီး အဓိကတော့ မိန်းကလေးများဟာ အထက်တန်းအထိ အခမဲ့ပညာသင်ကြားနိုင်ရပါမယ်။ နွမ်းပါးသောကလေးငယ်များ ပညာသင်ကြားနိုင်အောင် အထွေထွေစရိတ်ထောက်ပံ့ရပါမယ်။ အိမ်အလုပ်ကို ကူလုပ်ရသော၊ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ရှာနေရသော မိန်းကလေးတွေအတွက် ကျောင်းချိန်တွေဟာ ချိန်ညှိပေးရပါမယ်။ ကျောင်းများမှ အိမ်များရဲ့ အနီးမှာ ရှိရပါမယ်။ ( တစ်ချို့သော မိဘများဟာ မိန်းကလေးများ ဝေးလံခေါင်ပါးတဲ့ နေရာမှာ ပညာသင်ကြားရတဲ့အခါ စိုးရိမ်ကြောင့်ကြပြီး ပညာဆက်လက်မသင်စေလိုကြပါဘူး။) ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာခွဲခြားနှိမ့်ချဆက်ဆံမှုတွေ မပြုရပါဘူး။
 
 
ကျွန်မလည်း ကျွန်မတို့အပေါ်ထပ်တိုက်ခန်းမှာ အိမ်အကူလာလုပ်တဲ့ မိန်းကလေးကို မေးခွန်းအချို့မေးခဲ့ပါတယ်။ သူမက မူလတန်းအထိပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။ အလယ်တန်းကျောင်းမတက်ရတဲ့ အကြောင်းပြချက်က သူမတို့ရွာမှာ အလယ်တန်းကျောင်းမရှိသောကြောင့်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ကျောင်းထွက်ခဲ့ရကာ အသက်ဆယ်နှစ်အရွယ်ထဲကစ လယ်ထဲမှာ အလုပ်လုပ်ခဲ့တာ ယနေ့အိမ်အကူလုပ်သည့်တိုင် ဖြစ်ပါတယ်။ သူမလိုမျိုး သေစာရှင်စာတတ်ပြီးရောဆိုပြီး ကျောင်းကနေ နှုတ်ထွက်လိုက်ရတဲ့ မိန်းကလေးတွေဟာ မြန်မာနိုင်ငံအနှံ့မှာ ရှိကြပါတယ်။ 
 
ဒီမိန်းကလေးတွေရဲ့ ဘဝရှေ့ဆက်ဘယ်လိုရပ်တည်မှာလဲ။ မူလတန်းပညာသင်ခွင့်ရရုံမျှနဲ့ လောကအလယ် ရပ်တည်ဖို့ ခက်လှပါတယ်။ ပြီးတော့ မိန်းကလေးနဲ့ အမျိုးသမီးများ ပညာမတတ်ခြင်းဟာ မိသားစု၊လူအဖွဲ့အစည်းရဲ့ ဆုံးရှုံးမှုလို့ အများအားဖြင့် မမြင်ချင်ပါဘူး။ ဒီအဖွဲ့အစည်းဟာ မိန်းကလေးတွေကို ပညာအတွက် ပေးရမယ့်အဖိုးအခကို ရင်းနှီးမြှပ်နှံမှုလို့ မထင်ကြပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေက ပညာမတတ်တဲ့အခါ အလုပ်အကိုင်ဈေးကွက်မှာ ခွဲခြားနှိမ့်ချမှုတွေပေါ်ပေါက်လာပြီး သူမရဲ့ မျိုးဆက်အတွက်လည်း ပိုမိုနိမ့်ကျဆိုးရွာလာစေပြီး ဆင်းရဲမွဲတေမှုသံသရာလည်နေဦးမှာ ဖြစ်ပါတယ်။
 
တကယ်တော့ မိန်းကလေးများရဲ့ ပညာရေးမှာ ရင်းနှီးမြှပ်နှံခြင်းဟာ ဆင်းရဲမွဲတေမှုကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံးအချက်ဖြစ်ပါတယ်။ ပညာတတ်တဲ့အမျိုးသမီးတွေဟာ သတင်းအချက်အလက်တွေကို ပိုမိုရရှိနိုင်ပြီး ထုတ်ကုန်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုပြီး အကျိုးရှိရှိလုပ်ကိုင်နိုင်ပါတယ်။ လေ့လာချက်များအရ ပညာတတ်သူအမျိုးသမီးအများစုဟာ နိုင်ငံရေးအသိ၊ လူမှုရေး ပညာ၊ သိပ္ပံပညာကို နားလည်စွမ်းရှိပြီး ကျန်းမာရေးလိုက်စားတဲ့အပြင် ကောင်းမွန်စွာ အမှုထမ်းနိုင်သူတွေဖြစ်ကြပါတယ်။
 
 ရှေးရိုးစွဲအမြင်ရှိသူတွေကတော့ မိန်းကလေးတွေဟာ အိမ်ထောင်ရှင်မကောင်းနဲ့ မိခင်ငယ်ငယ်လေးတွေအဖြစ် အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နိုင်အောင်သာ မျှော်လင့်ကြတယ်။ ဒါပေမယ့် ပညာတတ်မိခင်ဖြစ်မှာသာ မိသားစုအကျိုးကို ပိုမိုသယ်ပိုးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ အိမ်ထောင်ကျသွားတဲ့အခါမှာလည်း မိခင်ရဲ့ ပညာအရည်အချင်းဟာ သူမရဲ့ကလေးတွေရဲ့ဘဝကို လွှမ်းမိုးနိုင်တဲ့အထိ အရေးကြီးပါတယ်။
 
 ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကိုယ်အလေးချိန် မပြည့်မီတဲ့ ကလေးတွေရဲ့အချိုးဟာ အမျိုးသမီးတွေ ပညာတတ်မှုနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ ပညာတတ်အမျိုးသမီးတွေဟာ သင့်တော်သောအရွယ်ရောက်မှာသာ အိမ်ထောင်ပြုကြကာ ကလေးယူမှုလည်း လျော့နည်းပြီး၊ ပိုကျန်းမာတဲ့ကလေးတွေကို မွေးဖွားပေးနိုင်ကြောင်း တွေ့ရပါတယ်။ ထိုကလေးများမှာ ရှင်သန်မှုမှာလည်း ပညာမတတ်ဆင်းရဲသောမိခင်မှ မွေးသောကလေးထက် မြင့်မားပြီး၊ ထိုကလေးများကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။
 
 ထို့ပြင် ပညာတတ်တဲ့မိခင်ကြောင့် မိသားစုဝင်ငွေကို ရရှိသုံးစွဲနိုင်ခွင့်လည်း ပိုမိုတိုးပွားလာပါတယ်။ ဝင်ငွေဟာ မိခင်လက်ဝယ်မှာ ရှိတဲ့အခါ ကလေးရဲ့အသက်အရွယ်အလိုက်ရရှိရမယ့်အရပ်၊ကိုယ်အလေးချိန်အတိုင်း ရရှိစေပြီး ဒီအကျိုးသက်ရောက်မှုဟာ ဖခင်တစ်ယောက်က ဝင်ငွေကို ကိုင်ထားတာထက် လေးဆပိုပါတယ်။ အိမ်ထောင်ဗာရီရတွေမှာ မိခင်ရဲ့သုံးစွဲမှုဟာ ဖခင်နဲ့ကွဲပြားနေပါတယ်။
 
 ဝင်ငွေကို ဘယ်သူက ထိန်းချုပ်သလဲဆိုတဲ့ အချက်ကလည်း ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုမှာ အလွန်ကြီးမားတဲ့ခြားနားချက်ဖြစ်စေပါတယ်။ ပညာတတ်မိခင်ဟာ ပညာတတ်ဖခင်ထက် ကလေးတွေရဲ့ကျန်းမာရေးနဲ့ ပညာရေးအပေါ်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပညာတတ်မိခင်တွေဟာ ပညာတတ်ကလေးတွေဖြစ်လာဖို့လည်း ပိုမိုအားထုတ်ရည်သန်ပါတယ်။ဒီလိုနဲ့ အမျိုးသမီးတွေ ပညာတတ်တဲ့အခါ ဆင်းရဲမှုကို လျော့ကျစေနိုင်ပြီး၊ ကုန်ထုတ်လုပ်မှုတိုးပွားလာပြီး၊ လူဦးရေအုံကြွမှုကို လျော့ပါးစေမှာဖြစ်သလို ကလေးများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
 
အခုခေတ်ဟာ လူတွေရဲ့စွမ်းအင်ကို အစားထိုးတဲ့ နည်းပညာများပေါ်ထွက်လာတဲ့အညီ အမျိုးသား၊အမျိုးသမီးရဲ့ စွမ်းအင်ခြားနားမှုဟာလည်း လျော့ကျလာပါတယ်။ ယနေ့ခေတ်တိုင်းပြည်တွေဟာ ထုတ်ကုန်ကောင်းတွေကို နိုင်ငံခြားကိုတင်ပို့ရောင်းချနိုင်မှသာ တိုးတက်နေတဲ့ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်မှာဖြစ်ပြီး ဒီဖြစ်စဉ်မှာ ပညာတတ်အမျိုးသမီးတွေရဲ့ အင်အားဟာ မဖြစ်မနေလိုအပ်ပါတယ်။ ပညာတတ်အမျိုးသမီးတွေ များပြားလာတာနဲ့အမျှ နိုင်ငံတော်ဝင်ငွေက တိုးပွားလာမှာ ဖြစ်ပါတယ်။
 
 ထို့ကြောင့် မိန်းကလေးတစ်ဦးပညာတတ်မယ်ဆိုပါလျှင် နိုင်ငံရေး၊လူမှုရေး၊စီပွားရေးမှာ ပြီးပြည့်စုံအောင် ဖန်တီးနိုင်လာမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး မိခင်ဖြစ်လာတဲ့အခါမှာ မိမိရင်သွေးရှင်သန်ရပ်တည်အောင် ပိုမိုဆောင်ရွက်နိုင်စွမ်း ရှိပါလိမ့်မယ်။အိမ်ထောင်ထိန်းသိမ်းရာမှာလည်း အချိုးကျတဲ့အပြင် လုပ်ငန်းခွင်မှာလည်း ပိုမိုထုတ်လုပ်နိုင်စွမ်းရှိပြီး လခကို ပိုမိုကောင်းမွန်စွာ ရရှိနိုင်မယ်။ သူမရဲ့ ဘဝကိုသာမကဘဲ ရင်သွေးတွေရဲ့ဘဝကိုပါ ကောင်းမွန်စွာ ကာကွယ်နိုင်မယ်။ သူမရဲ့ အခွင့်အရေးတွေကို တောင်းဆိုနိုင်စွမ်းရှိလာပြီး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းရှိပြီး ဂုဏ်သိက္ခာရှိတဲ့ဘဝလုံခြုံမှုရမှာ ဖြစ်ပါတယ်။
 
အမျိုးသမီးများအားလုံး ပညာသင်ကြားနိုင်ရေးဟာ နောင်လာနောက်သားမျိုးဆက်အတွက် ပဓာနအကျဆုံးဖြစ်တာကြောင့် အမျိုးသားရေးဆိုကာ ဦးထိပ်ထားရမယ့်အရာ ဖြစ်သော်လည်း မြန်မာမိန်းကလေးတွေဟာ ယနေ့ထက်တိုင် ပညာရွှေအိုးကို ယနေ့ထက်တိုင် တန်းတူညီမျှပိုင်ဆိုင်ခွင့်မရနိုင်သေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၈ က "နိုင်ငံတော်သည် မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဘာသာ၊ ဇာတိ၊ ကိုးကွယ်ရာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရန်" လို့ ပြဌာန်းထားတာရှိပေမယ့် မညီမျှမှုများရှိနေဆဲဖြစ်ပြီး ပညာရေးမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကအစ တူညီမှုမရှိတာကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ခါထောက်ပြခဲ့ဖူးပါတယ်။
 
ထိုဝင်ခွင့်မညီမျှမှုကို ယနေ့ထက်တိုင် ပြင်ဆင်ခြင်းမရှိပါဘဲ ဒီလိုစီရင်သူတို့ရဲ့ အကြောင်းပြချက်ကတော့ တောခြုံအုံကြားနေရာတွေကို (ဆရာဝန်)အမျိုးသမီးတွေက တာဝန်မထမ်းဆောင်နိုင်လို့ပါတဲ့။ ထိုစကားမှာ မြန်မာပြည်အစွန်အဖျားဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ စာသင်ကြားပေးနေသော ဆရာမလေးများကို သွယ်ဝိုက်စော်ကားခြင်းဖြစ်တာမို့ အလွန်ပဲ အားနာစရာကောင်းလွန်းလှတာ။ အားလုံးသိတော်မူတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၇၆.၄၆% သော ဝန်ထမ်းတွေဟာ အမျိုးသမီးတွေဖြစ်ပြီး မူလတန်းကျောင်းမျှ အနိုင်နိုင်တည်ရတဲ့ ထိုကျေးရွာလေးများမှာ တိုက်နယ်ဆေးရုံဆိုတာ အဝေးဆုံးအရပ်မှာရယ်လေ။
 
 အမှန်မှာတော့ ဆေးတက္ကသိုလ်ဝင်ခွင့်သာမကဘဲ အဆင့်မြင့်ပညာရေးနယ်ပယ်မှာ အမျိုးသမီးတွေက ခွဲခြားပယ်ဖျက်ခံနေရဆဲဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ကိုပင် ကျား၊ မ ခွဲခြားကာ သတ်မှတ်မှုကြောင့် ဆေးတက္ကသိုလ် ကျား (၄၉၀)၊ မ (၅၀၈) ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား ( ၅၀၀)၊ မ (၅၀၄) သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား (၄၆၉)၊ မ (၅၀၁) မန္တလေးနည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား (၄၈၅)၊ မ (၄၉၇) လို့စသည်ဖြင့် ကျား၊မ ဝင်ခွင့်အမှတ်မတူသည်ကို တွေ့ရှိရနိုင်ပါတယ်။
 
 ယောက်ျားလေးထက် ရမှတ်တူ/ပိုရပါလျှက် မိမိသင်ကြားချင်သော ပညာရပ်ကို စွန့်လွှတ်လိုက်ရသော မိန်းကလေးများရဲ့ပညာရေးဟာ သာတူညီမျှဖြစ်နေပါသည်ဟု သတ်မှတ်နိုင်ပါရဲ့လား။ ဒီနေ့ခေတ်မှာ ပညာရေးဟာ လူတစ်ယောက်ရဲ့ဘဝမှာ အလွန်အရေးပါပြီး လူ့အခွင့်အရေးရရှိဖို့ အရေးအကြီးဆုံးအစိတ်အပိုင်းမှာ ပါဝင်နေပါတယ်။ အလုံးစုံသောလူ့အခွင့်အရေးတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေပြီး ၊ မခွဲခြားနိုင်ဘူးဆိုတာ ဒီပညာသင်ကြားနိုင်ခွင့်ဥပမာကသာ အကောင်းဆုံးသရုပ်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် ပညာသင်ကြားခွင့်ကို မြန်မာမိန်းကလေးများအားလုံးမရရှိကြဘဲ ရရှိသောမိန်းကလေးများမှာလည်း ညီမျှမှုမရှိသော စည်းမျဉ်းများကြောင့် သူတို့လိုလားသော ပညာရေးအိပ်မက်ကို စွန့်လွှတ်နေရဆဲဖြစ်ပါတယ်။
 
 ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ငြိမ်းချမ်းသောနိုင်ငံကို တည်ဆောက်မည်ဆိုပါလျှင် အမျိုးသမီးများ ပညာသင်ကြားနိုင်ခွင့်၊ အဆင့်မြင့်ပညာရေးကို သာတူညီမျှရပိုင်ခွင့်ဟာ မဖြစ်မနေပေးအပ်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။ စစ်တမ်းအရ ဘရာဇီး၊ရှရှား၊အိန္ဒယ၊တရုတ် နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊အင်ဒိုနီးရှား၊အီရန်၊ ကိုရီးယား၊ မက်ဆီကို၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တူရကီ၊ဗီယက်နမ် နိုင်ငံများကို လေ့လာချက်အရ အမျိုးသမီးပညာရေးမှာ ပိုပြီး ရင်းနှီးမြှပ်နှံလေ ဖွံ့ဖြုးမှုတိုးတက်လာလေဖြစ်ပြီး တစ်နှစ်ကို GDP ၀.၂ % တိုးတက်လာကြောင်း တွေ့ရပါတယ်။
 
 ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါလျှင် တိုင်းပြည်တိုးတက်ရေးကြောင့် ဖြစ်စေ၊ လူ့အခွင့်အရေးကြောင့် ဖြစ်စေ ၊ အမျိုးသားရေးကြောင့် ဖြစ်စေ ၊ ကမ္ဘာကြီးပြောင်းလဲရေးအတွက် ဖြစ်စေ။ အမျိုးသမီးများအားလုံး သာတူညီမျှပညာသင်ကြားခွင့်ရရေးဟာ မဖြစ်မနေအကောင်အထည်ဖော်ရမယ့် လူ့အခွင့်အရေးဖြစ်ပါတယ်။ ထို့အတွက် အစိုးရရဲ့ ကူညီမှုနဲ့ မိဘတွေ၊လူမှုအဖွဲ့အစည်းတွေဟာ ကျောင်းများနဲ့ပူးပေါင်းကာ မိန်းကလေးငယ်ပညာရေးရရှိအောင် ကြိုးစားရပါလိမ့်မယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ မာလာလာကို အတုယူပြီး ကျွန်မတို့ ဇွဲမလျှော့သင့်ပါဘူး။
 
 
 ‘စာမတတ်မှုပပျောက်ရေး၊ ဆင်းရဲ့မှုပပျောက်ရေးနဲ့၊ အကြမ်းဖက်ဝါဒတွေပပျောက်ရေးစတဲ့ ခန်းနားထယ်ဝါတဲ့ ကြိုးပမ်းအား ထုတ်မှုကိုပြုလုပ်ကြပါစို့။ အစွမ်းထက် လက်နက်ဖြစ်တဲ့ စာအုပ်နဲ့ ကလောင်တံတွေကို ကောက်ယူကြမယ်။ ကလေးတစ်ယောက်၊ ဆရာတစ်ယောက် စာအုပ်တစ်အုပ်နဲ့ ကလောင်တံတစ်ချောင်းက ကမ္ဘာကိုပြောင်းလဲနိုင်တယ်။ ပညာရေးက တစ်ခုတည်းသော အဖြေဖြစ်တယ်။ ပညာရေးသည်သာ ပထမ’လို့ ၂၀၁၃လ ဇူလိုင် ၁၂ ရက်နေ့တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လူငယ်ခေါင်းဆောင်တွေကို မာလာလာက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် တက်ကြွလှုပ်ရှားသူ ပါကစ္စတန် မိန်းကလေး သူရဲကောင်း မာလာလာ ယူဆပ်ဇိုင် အကြောင်းကို လူတိုင်းသိကြားခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
 
ဆ၀ပ် တောင်ကြားဒေသမှာ တာလီဘန် သေနတ်သမားတွေက အသက်၁၅ နှစ်အရွယ်သူမရဲ့ ဦးခေါင်းနဲ့ လည်ပင်း နေရာတွေကို ပစ်ခတ်ပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် မာလာလာက ရှင်သန်ခဲ့သလို မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိရေး လှုပ်ရှားမှုကလည်း ဆထက်တံပိုးဖွံ့ဖြိုးလာကာ နိုဝင်ဘာလ ၁၀ ရက် နေ့ကို မာလာလာနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မိန်းကလေးငယ်တွေ (ညီတူညီမျှ) ပညာသင်ကြားခွင့် ရရှိရေးကို လှုပ်ရှားမှု တစ်ရပ်အဖြစ်၊ အမျိုးသားရေးဦးတည်ချက်အဖြစ် ချမှတ်ဆောင်ရွက်သင့်ပြီလို့ ထင်မြင်မိပါတယ်။
 
 မြန်မာလောကနီတိရဲ့ ဣတ္ထိယကဏ္ဍမှာ ‘ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။’(လောကနီတိ - ၉၄ )လို့ ရေးသားထားသလို ‘မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။’(လောကနီတိ-၉၅)လို့ ရေးသားထားပါတယ်။ (လောကနီတိအရ) မိန်းကလေးတစ်ယောက်ဟာ ပညာသင်ကြားခြင်းမရှိပါဘဲ တစ်ဦးတစ်ယောက်ကိုမှီခိုပြီး အရေပြားတစ်ထောက်ကို အခြေပြုပြီး ဘဝရပ်တည်ခဲ့မယ်ဆိုရင် ဒီမိန်းကလေးရဲ့ မိသားစုဘဝယို့ယွင်းရုံမျှသာ မဟုတ်ဘဲ လူအဖွဲ့အစည်းတစ်ခုလုံးရဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။
 
မိန်းကလေးငယ်တွေကို ပညာသင်ပေးဖို့ လျစ်လျူရှုတဲ့ လူ့အဖွဲ့အစည်းဟာ မဆုံးနိုင်တဲ့ မှောင်မိုက်ခြင်းတွေနဲ့ ပြည့်နေဦးမှာ ဖြစ်ပါတယ်။ ထို့အတွက် ကျွန်မတို့အားလုံးဟာ ‘မိန်းမတို့၏ အဆင်းကား ပညာတည်း။ မိန်းမတို့၏ ဥစ္စာကား ပညာတည်း။’ဆိုပြီး ဆိုရိုးအသစ်ရေးထိုးနားလည်ဖို့ အချိန်ကျပါပြီ။ ပညာသင်ကြားသော မိန်းကလေးများရဲ့ အဆင့်မြင့်ပညာသင်ကြားနိုင်ခွင့်စည်းမျဉ်းများကို ညီတူညီမျှပြုလုပ်ပြဠာန်းရမယ့်အချိန်လည်း ရောက်သင့်ပြီ ဖြစ်ပါတယ်။ 
 
 မယ့်ကိုး
(လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဂျာနယ်။ နိုဝင်ဘာ၊ ၂၀၁၃)
 
 Ref: Convention on the Elimination of All Forms of Discrimination Against Women (CEDAW)
 
 Gender Discrimination in Education: The violation of rights of women and girls- Global Campaign for Education February 2012 
 
Gender Discrimination in Education and Economic Development : A study of Asia by G.Balatchandirane