27 February 2014

အရေးပေါ်အခန်းထဲမှာ

တတ်ကျွမ်းလှတဲ့ ခွဲစိတ်ပါရဂူကြီးတွေဟာ သူတို့ရဲ့ချစ်ခင်မြတ်နိုးသူများကိုတော့ ခွဲစိတ်ကုသပေးဖို့ တွန့်ဆုတ်လေ့ရှိကြတယ်လို့ ကြားဖူးတယ်။ ဘာဖြစ်လို့လဲ။ စိတ်လှုပ်ရှားမှုကြောင့် အမှားအယွင်းဖြစ်သွားမှာ စိုးထိတ်ကြလို့ပဲ။

ကျွန်တော်လည်း ညီ့ရုပ်လုံးကြွကို အသက်အောင့်ပြီး ထုထွင်းနေမိသလိုပဲ။ ဘယ်လိုသေးငယ်တဲ့အားနည်းချက်မျှ မရှိစေချင်ဘူး။ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။ ရုပ္ဂနာမၿငိမ္ဘူး။ အိပ္မရဘူး။ အလုပ်မပြီးတော့ဘူး။ ညီက လာပြောတယ်။ မိသားစုရုပ်တုကို အရင်ထုကြည့်ပါတဲ့။ 


မိသားစုရုပ်တုကို အစပြုဖို့ အလုပ်ခန်းထဲမဝင်ခင်မှာပဲ အမှတ်တရတွေ၊ အကြောင်း ခြင်းရာတွေ၊ တခြားသူတွေရဲ့ တုံ့ပြန်မှုတွေဟာ အတွေးထဲမှာ အုံဖွဲ့နေရာယူနေတယ်။ ပန်းပုရုပ်တု ကို ဘိုလို(sculpture)လို့ခေါ်ပြီး သူ့စကားလုံးရင်းမြစ်က (to carve)ဆိုတဲ့ ထွင်းထု တာပေါ့။ တကယ်တော့ ရုပ်တုဆိုတာ ထွင်းထုရုံနဲ့တင် မလုံလောက်ဘူး။ ကိုယ်နှစ်သက်ရာ ပုံစံတွေကို ထည့်သွင်းပေါင်းစပ်လို့ရတယ်။ ပြီးတော့ ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်နိုင်တယ်။

ကျောက်ခဲတစ်ခဲကို ခင်ဗျား ကောက်မိတယ်ဆိုပါတော့။ အဲဒီကျောက်ခဲက လူနဲ့ တူနေနိုင်တယ်။ ဖန်တီးသူရဲ့ အတွေးအမြင်နဲ့ နဂိုမူလရှိပြီးတဲ့ အတွေပုံရိပ်တွေ ပေါင်းစပ်လိုပေါ့။ ပြီးတော့ အဲဒီကျောက်ခဲကို ပြုပြင်မွမ်းမံပြီး အဓိပ္ပါယ်ရှိလာအောင် မွမ်းမံတယ်။ ဒါဟာ အရိုးရှင်းဆုံး ပန်းပုထုနည်းပဲ။ ပုံရိပ်တွေကို ပြတ်ပြတ်ထင်ထင် မြင်ရတဲ့အခါ ဘယ်လိုကုန်ကြမ်းသုံးရမလဲဆိုတာ ကအစ ကွဲကွဲပြားပြားသိလာမယ်။ ကျောက်၊ သစ်သား၊ မြေ၊ သစ်ရွက်ကအစ အားလုံးမှာ သဘာဝ အသံရှိတယ်။

ရွံ့စေးကတော့ အရိုးရှင်းဆုံး ကုန်ကြမ်းပဲ။ သဘာဝရေကို အခြေခံတဲ့ ရွံ့စေးကစပြီး၊ ပေါ်လီမာရွံ့စေး၊ ပလတ်စတစ်ရွံ့စေး၊ စက္ကူရွံ့စေး . . .စသည်ဖြင့်ပေါ့ဗျာ အမျိုးမျိုးရှိတယ်။ ပလတ်စတစ်ရွံ့စေးကို အသုံးပြုလေ့ရှိပေမယ့် အခုတော့ သဘာဝရွံ့စေးကို ကျွန်တော် ရွေးချယ်ထားတယ်။ ရွံ့စေးကို အခြေခံပြီး ခံစားချက်ရယ်၊ အလိုအလျှောက်သိစိတ်အရ လက်က လှုပ်ရှား ဖြစ်နေတာကို လိုချင်တယ်။ ခင်ဗျားလက်ရဲ့ဖိအားပေါ် အခြေခံပြီးတိုက်ရိုက်ပုံပေါ်လာမယ်။

 ရွံ့စေးရဲ့ ပြုပြင်ပြောင်းလဲလွယ်တဲ့သဘောက စိတ်ရဲ့ရောင်ပြန်ကို ဖမ်းဆုပ်ထားတယ်။ အဲဒီရုပ်တုနဲ့ အတူထိုင်၊ လက်က ကိုင်ထား၊ မကျေနပ်သေးရင် ပုံဖျက်ပစ်လိုက်၊ နယ်ပစ်လိုက်၊ လက်တွေရဲ့ လှုပ်ရှားမှုကို သတိလေးကပ်ကြည့်လိုက်။ စိတ်ထဲကို ဘယ်လိုပုံရိပ်တွေ ရောက်လာလဲ။ အသက်ရှူပြီး ရင်ထဲကိုဝင်ကြည့်။ အသက်ရှူထုတ်လိုက်တဲ့အခါ လက်က ရွေ့လျားသွားလိမ့်မယ်။ အမှတ်တရတွေ၊ ခံစားချက်တွေ၊ အတွေးတွေက ရွံ့စေးကို ကိုင်တွယ်လိမ့်မယ်။

ရွံ့စေးနဲ့ သိကျွမ်းသွားပြီဆိုတာနဲ့ ပန်းပုထုခြင်းမှာ ခင်ဗျားငြိတွယ်သွားမယ်။ ခင်ဗျား ပုံဖော်ချင်တဲ့အရာ ရှိလား။ အဲဒီပုံရိပ်နောက်ကို လိုက်ပါ။ ကျွန်တော် အခုပုံဖော်ချင်နေတာက အဖေ့ပုံရိပ်။ ဒါပေမဲ့ မျက်လုံးတွေကို ခဏမှိတ်ထားတဲ့အခါ အမေ့ကို အရင်ဆုံးမြင်လိုက်ရတယ်။ အမေက အသားညိုညို၊ အရပ်ပျပ်ပျပ်၊ နှုတ်ခမ်းမှာ မှဲ့နဲ့။

မျက်လုံးတွေကို မှိတ်ထားဆဲပဲ လက်တွေရဲ့ လှုပ်ရှားမှုကို သတိထားနေလိုက်တယ်။ ရွံ့စေးကို သာသာလေး ကိုင်ကြည့်လိုက်၊ နာနာလေးနှက်ကြည့်လိုက်လုပ်ပြီး ဘယ်ခံစားချက်က သက်သောင့်သက်သာဖြစ်စေ လဲလို့ လေ့လာနေတယ်။ ဒါပေမဲ့ ကျွန်တော် ထပ်မံ မရွေ့လျားနိုင်ဘူး။ ရင်ထဲမှာ ဆို့လာတယ်။ ရွံ့စေးကို လက်ချောင်းတွေနဲ့ ဖျစ်ညှစ်မိတယ်။ အဖေ့ရဲ့ စည်းကမ်းကြပ်မပ်တဲ့ အချစ်တွေကို သတိရလို့။ ရှက်စိတ်က တစ်ကိုယ်လုံးအနှံ့စီးလာတဲ့အခါ လက်ချောင်းတွေက ရပ်သွားတယ်။

ပထမဆုံးပုံရိပ်က ပန်းရောင်ဂါဝန်ရှည်ကို သဘောတကျ၊ မမှိတ်မသုန်ရပ်ကြည့်နေတဲ့ ကျွန်တော့်ပုံရိပ်။ ခြောက်နှစ်သားအရွယ်လောက်မှာ အစ်မကြီးဝတ်တဲ့ အဝတ်အစားတွေကို နှစ်ခြိုက်ခဲ့တယ်။ အကြိုက်ဆုံးကတော့ ဇာပန်းကျဲကျဲနဲ့ ပန်းရောင်ဂါဝန်လေးပဲ။ အဝတ်ဗီရို အပေါ်ထပ်မှာ ထည့်ထားတာမို့ ခုံခုပြီး ယူခဲ့တယ်။ ဝတ်ကြည့်လိုက်တဲ့အခါမှ ဘယ်အပေါက်ကို ထိုးမိမှန်းမသိဘဲ ကျွန်တော့်လက်တွေက မြှောက်လျက်၊ အဝတ်က ရစ်ပတ်လျက် - တုပ်တုပ်မျှလှုပ်လို့ မရတော့ဘူး။ အမေရေ လုပ်ပါဦးလို့ လှမ်းခေါ်ရတယ်။ အမေရောက်လာပြီး ဂါဝန်ကို ခေါင်းပေါ်က ဆွဲချွတ်ပေးတော့မှ အသက်ရှူ နိုင်တော့တယ်။

'ဘာလုပ်နေတာလဲ။ ယောက်ျားလေးက မိန်းကလေးဂါဝန် မဝတ်ရဘူး'လို့ အမေက ပြောတယ်။ ပုံရိပ်တွေက ပြောင်းလဲလာသလို လက်ကလည်း အတိမ်းအနုတ် မြန်လာတယ်။ သိပ်မကြာခင်မှာ အခန်းထဲကို ဝင်လာတဲ့ အဖေ့ကို မြင်ရတယ်။ 'ဒီကောင် ဘာလဲ။ အခြောက်လား'လို့ အမေ့ကို ပြောတယ်။ အရမ်းရှက်သွားခဲ့တာကို မှတ်မိနေတယ်။ ဘဝမှာ ပထမဆုံးအကြိမ် ရှက်ဖူးခြင်းပါ။ အဲဒီအချိန်က အစပြုကာ ( အဖေ့အဆိုအရ မိန်းမစိတ်ပျောက်သွားဖို့ ) 'မှတ်လောက် သားလောက်အောင် ချပေးရမယ်'လို့ အဖေ ကြိမ်းမောင်းကာ ကျွန်တော့်ရဲ့ ရိုက်နှက်ခံရခြင်းခရီး စတင်ခဲ့တယ်။

 ညီ မေးဖူးတဲ့ စကားတစ်ခွန်းဟာ အာရုံမှာ ပေါ်လာတယ်။ လိင်တူပဲ စိတ်ဝင်စားသူ ဆိုတာ ဘယ်အချိန်တည်းက သိခဲ့တာလဲတဲ့။ ကျွန်တော် မသိတတ်ခင်မှာတင် တခြားသူတွေက သိမြင်ပြီး ဖြစ်နေတာပါ။ ပုံဖော်နေတဲ့ ရွံ့တုံးကိုလှိမ့်ပြီး ပြားနေအောင် ထုပစ်လိုက်မိတယ်။ 'ဒီကောင် တစ်ခုခုတော့ မှားနေပြီ'လို့ ပြောလေ့ရှိတဲ့ အဖေ့စကားတွေကို အမှတ်ရ လာတယ်။ ကလေးလေးဘဝကစပြီး ယနေ့ထက်တိုင် ကျွန်တော်က တခြားသူတွေနဲ့ ဘာခြားနားနေတာလဲဆိုတာ အဖြေရှာရခက်တယ်။ တခြားလူတွေလို အကြည့်ကအစ ကိုယ်နေ ဟန်ထားအဆုံး ကွဲပြားနေတာကို အဖေ ဖမ်းမိလေသလား။ ကျွန်တော်ကလည်း အကျင့် မပြင်နိုင်ပါဘဲ။

အဖေက ယောက်ျားဆိုတာ ကျားကျားလျားလျား၊ သန်သန်မာမာမှလို့ ခံယူထားတဲ့ စက်ပြင်ဆရာတစ်ယောက်ဖြစ်တယ်။ စိတ်ပျော့နွဲ့တဲ့ ကျွန်တော်ဟာ အဖေ့အတွက် ပြဿနာ ဖြစ်ခဲ့သလို အဖေ့ပုံစံခွက်ထဲမှာ လွယ်လင့်တကူ မပျော်ဝင်နိုင်ခဲ့ဘူး။ အဖေက ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုကာ တစ်ချိန်လုံး ဟိန်းဟောက်ပြောဆိုနေတယ်။ ကျွန်တော့်ကို ဆူပူအမိန့်ပေးနေတာ ရပ်ဖို့ အဖေ့ကို ပြန်မပြောနိုင်ခဲ့ဘူး။ ကျွန်တော့် ဆန္ဒမပါဘဲ ဟိုဟာ လုပ်သင့်တယ်။ ဒီလိုလုပ်ရမယ်လို့ ပြောတယ်။ ဒါတွေက အဖေ ဖြစ်စေချင် ပေမယ့် ကျွန်တော် မလုပ်ချင်တဲ့အရာတွေ၊ ကျွန်တော်မနေချင်တဲ့ ဘဝပဲ။

 အဖေကလည်း ကျွန်တော့်အတွေးကအစ သိနေတယ်။ ဖိနှိပ်ခံရလွန်းလို့ ကျွန်တော့်မျက်နှာရိပ် တင်းမာသွားခဲ့ရင် အဖေက ကြိမ်းမောင်းရိုက်ပြန်တယ်။ ခင်ဗျား လက်ခံနိုင်မလား။ ဒဏ်ရာတွေကို အနုပညာအဖြစ် ပုံဖော်ရင်တော့ အသက်ဝင်ပြောင်မြောက်တဲ့ အကျိုးရှိတယ်ဆိုရင်တောင် ဘယ်သူက နာကျင်စရာတွေကို တသသ လုပ်နေချင်မှာလဲဗျာ။ အဖေနဲ့ ကျွန်တော်က ဘယ်တော့မှ ပြေလည်တော့မယ်မထင်ဘူး။ တကယ့်အခက်ခဲဆုံးက ကျွန်တော်ပြောတာကို အဖေက နားထောင်ချင်စိတ်မရှိသလို ကျွန်တော်နဲ့ ပတ်သက်သမျှကို နားလည်းမလည်ချင်ဘူး။ 

ဆိုးရွားတဲ့အကြောင်းအရာတွေကို ဘယ်သူ့ကိုမှ ကျွန်တော်မပြောချင်ဘူး။ ညီ့ကိုတောင် ရင်မဖွင့်ဖြစ်ခဲ့ဘူး။ လူတိုင်းမှာ ငယ်ဘဝ ဒဏ်ရာကိုယ်စီ ရှိနိုင်တယ်။ ခက်တာက အတိတ်ဝန်ထုပ်ဝန်ပိုးက အခုမှ စီရရီ ပြန်ပေါ်လာတာပဲ။ အဖေ့ ညွှန်ကြားချက်နဲ့ အစ်ကိုတွေက သူတို့ကစားရင်လာ ခေါ်တတ်ပြီး ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက် ကစားရတယ်။ ကစားပွဲတိုင်းမှာ ကျွန်တော်ငိုရပြီး အစ်ကိုတွေရဲ့ ပြောင်လှောင်ရယ်သံနဲ့ အဆုံးသတ်လေ့ရှိတယ်။

ဒါပေမဲ့ အဖေ့အရိပ်ကွယ်တာနဲ့ အစ်ကိုကြီးတို့နဲ့ စစ်တိုက်တမ်းမကစားဘဲ အိမ်ဘေးက သူငယ်ချင်းမလေး အညိုနဲ့ အိုးပုတ်၊ချိုးရုပ်တမ်းကစားကာ လက်ဖက်ရည်ပွဲ တည်ခင်းကာ ဘိုမရုပ်လေးတွေနဲ့ စကားပြောကြတယ်။ နှစ်ယောက်သား မျက်နှာတွေ ခြယ်သ ကြတယ်။ သူမလေးအမေရဲ့ မိတ်ကပ်တွေ ယူလိမ်းပြီး တစ်ယောက်ကိုတစ်ယောက် အလှပြင်ပေး တမ်းဆော့ခဲ့တယ်။

အဖေမြင်သွားရင်တော့ ကျွန်တော့်လက်ကိုဆွဲသွားပြီး တံမြက်စည်းရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တတ်တယ်။ ရိုက်နှက်သံတွေကို ပြန်ကြားယောင်မိရင်း ရွံ့ကို နာနာဖိနှိပ်နေမိတယ်။ ဒီလိုအသံတွေကအစ နာကျင်မှုတွေအဆုံး ရွံ့စေးက စုပ်ယူလျော့ပါးစေနိုင်တဲ့သတ္တိရှိတယ်။ မိန်းကလေးတွေနဲ့ ကစားတာ မြင်ရတိုင်း အရိုက်ခံခဲ့ရတဲ့နောက်မှာတော့ ကျွန်တော် တစ်ယောက်တည်း နေတတ်လာတယ်။

ခင်ဗျားရော မိဘရဲ့ အရိုက်အနှက်ခံရဖူးလား။ ကျွန်တော့်ကို မရိုက်ပါနဲ့လို့ အဖေ့ကို တစ်ခါမှ မပြောဖူးဘူး။ အဖေရိုက်ရင်လည်း ကျွန်တော်မငိုခဲ့ဘူး။အခုနေပြန်စဉ်းစားကြည့်ရင် ဘယ်လိုပြောပြီး ရိုက်ခဲ့တာလဲလို့ မမှတ်မိတော့ဘူး။ တစ်ချို့နာကျင်မှုတွေဟာ ပြင်းထန်လွန်းတဲ့အတွက် ကျွန်တော့်ဦးနှောက်က ဒီဖြစ်ရပ်ကို ဖယ်ထုတ်ထားခဲ့ပြီး ဖြစ်မယ်။ 

 အမေကတော့ အဖေ့လိုမရိုက်ပေမယ့် အပျိုဖြစ်နေပြီဖြစ်တဲ့အစ်မကြီးရဲ့ ဆံညှပ် ကလေးတွေ၊ ကော်ပတ်ရုပ် ကလေးတွေကို ကျွန်တော်က သိမ်းထားခဲ့မိရင် လွှင့်ပစ်တတ်တယ်။'အဲလိုမလုပ်ရဘူး။ အဲလိုလုပ်ရင် ဖေဖေနဲ့မေမေက မချစ်တော့ဘူး'လို့ အမေက ခြိမ်းခြောက် တတ်သလို ကျွန်တော့်ကို အညိုနဲ့ မကစားခိုင်းတော့ဘဲ အစ်ကိုတွေနဲ့သာ ဆော့ ဖို့လည်း ချော့မော့ပြောတတ်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နုနွဲ့တဲ့စိတ်က မပြောင်းလဲခဲ့သလို အညိုနဲ့ ကျွန်တော်ရဲ့ခင်မင်မှုက မပြတ်တောက်ခဲ့ပါဘူး။

မိသားစုရုပ်တုမှာ အညို့ကို ထည့်သွင်းချင်စိတ်တောင် ဖြစ်လာတယ်။ အမေ့ရဲ့ မတော်ရတဲ့ ချွေးမအဖြစ်နဲ့ပေါ့။  အစ်ကိုကြီး၊ အစ်ကိုလေးတွေနဲ့ စေ့စပ်ဖို့ ကြိုးစားပေမယ့် နောက်ဆုံး ကျွန်တော်နဲ့ပါ ဆော်သြခဲ့ပေမယ့်၊ ဘယ်သူနဲ့မှ ဖူးစာမဆုံခဲ့တဲ့ အညိုဟာ ချွေးမလေးလို့ ယနေ့ထက်တိုင် အမေက ခေါ်ဝေါ်နေသူပေါ့။

ခင်ဗျားထင်သလို ပလေတိုးနစ်အချစ်မဟုတ်ဘူး။ ကျွန်တော်က သူမကို ဆန့်ကျင်ဘက်လိင်လို့ကို မြင်လို့မရတာ။ နားလည်စအရွယ်တည်းက ကြီးပြင်းသည့်တိုင် အညိုတစ်ယောက်သာ ကျွန်တော့်ကို နားလည်မှုပေးတဲ့ သူငယ်ချင်း။ အဖေရိုက်တဲ့ အခါ အညို့ရင်ခွင်က ပြေးပုန်းငိုကြွေးရာ၊ ငြိမ်းချမ်းစွာ ရပ်တည်ဖို့ ခွန်အားပေးနိုင်တဲ့အရပ်။ လွန်လွန်ကျူးကျူးပြောချင်ရင်တော့ အညိုသာ ကျွန်တော့်ကို မနှစ်သိမ့်ခဲ့ရင် ကျွန်တော် ဒီလောက်ထိ ရှင်သန်လူလားမြောက်ခဲ့မှာ မဟုတ်ဘူးလို့တောင် အလွန်အကျူးဆိုချင်တယ်။

(ဆက်ရန်...)

 ( အရေးပေါ်အခန်းထဲမှာ လုံးချင်းဝတ္ထုကို မကြာမီထုတ်ဝေဖြန့်ချီတော့မှာ ဖြစ်ပါတယ်။ :)