28 April 2014

ညီ


မိသားစုပန်းပုရုပ်ကို လက်စသတ်လိုက်ပေမယ့် ဒီရုပ်တုကြောင့် တစ်စုံတစ်ယောက်ကို ထိခိုက်မိမှာ စိုးထိတ်တယ်။ မိဘကျေးဇူးဂုဏ်တွေက ကျွန်တော့်ကို ကျောစိမ့်အောင် ကြောက်စေသလို ဒဏ်ရာတွေက မြစ်တစ်စင်းဆိုရင် ကျွန်တော်မနစ်မြုပ်ချင်ဘူး။ အနုပညာကို လှေလုပ်ပြီး တစ်ဖက်ကမ်းဆီ ဖြတ်ကူးချင်တယ်။ ဘယ်သူ့ကိုမှလည်း မထိခိုက် မနာကျင်စေဘဲနဲ့ပေါ့။ ဒါပေမဲ့ ကလေးငယ်ရဲ့မျက်ဝန်းတွေကိုမြင်တိုင်း ကျွန်တော့်စိတ်ဟာ နောက်ကျိအားကုန်သွားတယ်။ သူ့သွင်ပြင်ဟာ သေဆုံးသွားပြီး တခြားဝိညာဉ်ရောက်လာတဲ့ ဖုတ်ကောင်လိုပဲ။ ရွံ့နဲ့ထုထားပေမယ့် ဒီရုပ်ထုရဲ့အတွင်းပိုင်းမှာ ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်လို့ ခံစားရတယ်။

 ကျွန်တော့်ကိုယ်ပွားအရိပ်ကလေးရယ်လေ။ လူဘုံအလယ်မှာ အဝတ်အစားမဲ့မနေချင်သလို ရင်ထဲက ဖြစ်ပျက်မှုတစ်စိတ် တစ်ဒေသ၊ အားနည်းချက်၊ ပျော့ကွက်တွေကို မဖော်ပြချင်ပေမယ့် ပန်းပုထုခြင်းဟာ ဝေဒနာကုစားနည်းတစ်ခုလည်းဖြစ်တယ်။ သုတေသီတွေကတော့ ပန်းပုဟာ ကျွန်တော့်ရဲ့မျက်နှာပြင်တစ်ဖက်လို့ ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်တော့ မိသားစုပန်းပုရုပ်ဟာ အမှောင်ထုထဲတိုးဝင်ပြီး အလင်းရောင်ရှိရာဆီ မှန်းသွားသလို၊ လေလုံခန်းထဲမှာ အသက်ရှုပေါက်ကို ဖောက်နေသလို၊ ပိတ်မိနေတဲ့ ခံစားချက်တွေကို လွတ်မြောက်ခွင့်ပေးခြင်းသာ ဖြစ်တယ်။

ဖြစ်ရပ်မှန်က အနုပညာသာ ဒဏ်ရာတွေကိုသက်သာအောင် ကုသပေးနိုင်တယ်။ အနုပညာသာ ကျွန်တော့်ဘဝမှာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်ဖြစ်ပျက်ခံစားရသမျှကို မဖွင့်ထုတ်နိုင်ဘဲ လူတွေနဲ့ ကျွန်တော့်အကြား ဆက်သွယ်မှု ပျောက်ဆုံးပြီး ကျွန်တော်လည်း လူပီသသူဖြစ်လာမယ် မထင်ဘူး။

 လေ့လာသူတစ်ဦးမှာ မြင်တတ်တဲ့မျက်ဝန်း၊ ခံစားတတ်တဲ့ နှလုံးသားမရှိပေမယ့် ကျွန်တော့်ပန်းပုရုပ်တွေကို သူ့လွတ်လပ်ခွင့်အရ အကဲဖြတ်ဝေဖန်နိုင်တယ်။ ချီးကျူးအမွှမ်းတင်နိုင်တယ်။ လက်မခံငြင်းပယ်နိုင်တယ်။ ချင့်တွက်တန်ဖိုးဖြတ်နိုင်တယ်။ ကျွန်တော်ကတော့ အတိတ်ပုံပြင်တွေနဲ့အတူ ကျွန်တော့်ရုပ်တုတွေကို အဝတ်ပါးစကိုတောင်ခွာချပြီး မျှဝေခဲ့ပြီးပြီ။ အခုရုပ်တုတွေနဲ့အတူ ကျွန်တော့် အတိတ်ကို နှုတ်ဆက်ထားခဲ့လိုက်ပြီ။ ချမ်းမြေ့ ငြိမ်းအေးစွာ နေတော့မယ်။

ကျွန်တော်ဟာ လိင်သဘာဝကြောင့် အကျဉ်းကျနေသူမဟုတ်ပေမယ့် ဒီအနုပညာက အတိတ်နံရံတွေကြားမှာ ပိတ်မိနေတဲ့ကျွန်တော့်ကို လွတ်မြောက်စေတယ်။ အတိတ်သာမက အနာဂတ်မှာပါ လွတ်လပ်စွာထွက်မြောက်နိုင်ပြီလို့တောင် ဝံ့ကြွားပြောချင်တယ်။ ကျွန်တော့်အတွက် စိတ်လျော်ကြေးသဘောမျိုးလည်း ဖြစ်မယ်။ ပန်းပုထုတဲ့အခါမှာ ကျွန်တော်တွေ့ရှိနားလည်လာတာ တစ်ခုရှိတယ်။ လူတွေရဲ့ စရိုက်၊လူနေမှုစနစ်က ဘဝဖြစ်ခြင်း အကြောင်းဆိုသလိုပဲ ပန်းပုထုခြင်းကလည်း အဖြစ် အပျက်တွေ ထပ်ခါထပ်ခါ၊ တစ်ခါတလေကြိမ်ဖန်များစွာ ဖြတ်သန်းထွင်းထုပြီးမှ ပုံပေါ်လာတာ ဖြစ်တယ်။

 ဟုတ်ပါတယ်။ ဒီရုပ်တုတွေဟာ ကျွန်တော့်ခံစားချက်၊အမြင်တွေကို ရှင်သန်နိုးထလာစေပေမယ့် ဝေးကွာနေသူတွေကို မနီးစပ်စေနိုင်သလို အေးစက်မှုတွေကို မနွေးထွေးစေနိုင်ပါဘူး။ တခြားဖြစ်စဉ်တွေလို မခြားနားတဲ့ ဘဝဖြတ်သန်းမှုပါ။ ဒါပေမဲ့ ပန်းပုထုရင်း ကျွန်တော့်အကြောင်းကို တခြားသူတွေရဲ့တုံ့ပြန်ချက်ကို မူတည်ပြီး လေ့လာသလို စိတ်ဓာတ်အား ပိုမိုခိုင်မာလာခဲ့တယ်။ အခုလည်း ညီ့ပန်းပုက ကျွန်တော့်ကို အမှန်တရားတစ်ချို့  မြင်ခွင့်ပေးဦးမယ်လို့ မျှော်လင့်မိတယ်။

 ညီအစစ်နဲ့ ကျွန်တော့်တစ်ဖက်ကပဲ မြင်နေရတဲ့ညီ၊ ပုဂ္ဂိုလ်ရေးအမြင်နဲ့ ပညာရှင်အမြင်၊ ရင်းနှီးသူပုံဖော်တာနဲ့ သူစိမ်းသူရဲ့ပုံရိပ်၊ သမာရိုးကျသဘောထားနဲ့ ဖောက်ထွင်းမြင်မိတဲ့စိတ်ထားတွေ။ ခက်ခဲပေမယ့် ကျွန်တော်ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ ညီ ကူညီပါ။ 

 

=======================================
ညီဟာ ထူးခြားအံ့သြစရာ တည်တံ့လှပတဲ့စွမ်းအင်နဲ့ ဖွဲ့စည်းတည်ဆောက်ထားသူပါ။ ဒါကြောင့် ညီ့ပန်းပုရုပ်ထုခြင်းဟာ ကျွန်တော့်အတွက် ခက်ခဲလှတယ်။ ပန်းပုထုခြင်းမှာ ခရီးရှည်တစ်ခု ဖြတ်သန်းရသလို ပုံရိပ်ကလည်း အဓိပ္ပါယ်တစ်မျိုးတည်းမရှိဘူး။

ညီဆိုတဲ့ရုပ်တုဟာ ကျွန်တော့်ရဲ့တစ်စိတ်တစ်ဒေသလည်းဖြစ်တယ်။ သူ့ပုံတူကို တွေ့မယ်ဆိုရင် ကျွန်တော့်ကိုလည်း လှမ်းမြင်နိုင်မှာပဲ။ ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်စပ်နေတဲ့ ဘဝတွေ၊ ပေါင်းယှက်ထားတဲ့ စိတ်ခံစားမှုတွေ၊ နှီးနွယ်နေတဲ့ ခေတ်ကာလတွေ အားလုံးကို ထွင်းဖောက်မြင်တွေ့ခံစားနိုင်မယ်။ အမှတ်တရတွေဟာ ညီပန်းပုရုပ်ဖြစ်တည်မှုမှာ အရေးပါတဲ့ ပါဝင်ပစ္စည်းပေါ့။ 

ညီတို့အမေမုဆိုးမသူနာပြုဆရာမက ကျွန်တော်တို့မြို့လေးရဲ့ မြို့နယ်ဆေးရုံကို ပြောင်းလာပြီး ကျွန်တော်တို့ရပ်ကွက်က မုဆိုးဖိုတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်လေ။ တနယ်တကျေးက ပြောင်းလာသူညီ့ကို နာမည်မှမသိခင်၊ အကျင့်ကိုမကြုံခင် မြင်စဉ်ခဏမှာပဲ စွဲလွမ်းပျော်ဝင်ခဲ့တာပါ။ ညီ့ပထွေးက ညီ့ကို ဂရုစိုက်ပေမယ့် အမြင်မကြည်တဲ့ တစ်ဘက်ဆွေမျိုးတွေ ကြားမှာ ညီနေထိုင်ရတာခက်ခဲမယ်ဆိုတာ အမေတို့ပြောဆိုနေတာတွေကြားရင်းနဲ့ သတိ ထားမိခဲ့တယ်။

အိမ်ရှေ့က ညီဖြတ်သွားတိုင်း ညီ့မျက်နှာတည်တည်လေးကအစ ဆံပင်ဖွာဖွာလေးတွေအဆုံး အလိုလိုဂရုဏာသက်ကြင်နာနေမိတယ်။ ညီ့ကို အများက 'ညီညီ'လို့ခေါ်ကြပေမယ့် ကျွန်တော်ကတော့ ညီရေ ... ညီရေလို့ အိပ်မက်ထဲမှာပင် စတင်ခေါ်နေမိတယ်။ 

ဆက်ရန်...

( အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖော်ပြချက်ဖြစ်ပါတယ်ရှင်။ လုံးချင်းစာအုပ်ကို မေလ (၃)ရက်နေ့မှ စတင်ကာ ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။ :) 

ချစ်ခင်လေးစားစွာဖြင့်
မယ့်ကိုး

09 April 2014

ကျွန်တော်က...ဘယ်သူလဲ

တာဇံ၊ စူပါမင်းစတဲ့ ရုပ်ရှင်ကားတွေကြည့်ရင် မင်းသားတွေကိုသာ အာရုံဝင်စားနေမိတာ ပြန်မပြောချင်ဘူး။ ဘောလုံးသမားဒေးဗစ်ဘက်ခမ်းရဲ့ပုံတွေကို အခန်းနံရံပြည့်ကပ်ထားပြီး အားကျလို့၊ သူ့ပရိသတ်မို့လို့၊ သူ့ခန္ဓာကိုယ်မျိုးလိုချင်လို့ဆိုပြီး မိသားစုကို လှည့်ဖျားခဲ့ရတာတွေကို ပြန်မတွေးချင်ဘူး။ စိတ်ခံစားမှုအာရုံအားလုံးဟာ ရှုပ်ထွေးကာ ဝေခွဲမရဖြစ်နေပြီး ကျွန်တော်က ဘာလဲလို့ ရေရေရာရာမသိသေးတဲ့အချိန်ကို ပြန်မသွားချင်တော့ဘူး။ 

မင်းဘယ်သူလဲဆိုတာသိဖို့ မင်းရဲ့လိင်ရမ္မက်ကို သိရမယ်လို့ဆိုကြတယ်။ ကျွန်တော်ဘယ်သူလဲဆိုတာ ဒီပန်းပုရုပ်တုလေးက ပြောပြနိုင်ပါ့မလား။ ကျွန်တော်အတုကို ဗန်းပြပြီး အဖေ့ကို စိတ်ချမ်းသာစေချင်တဲ့၊ ဖြစ်သမျှအကြောင်း ကျွန်တော့်ကံအကြောင်းသာလို့ သက်သာရာရအောင် လှည့်စားဖြေသာအောင်နေတဲ့စိတ်က ဒီပန်းပုရုပ်အထိ ပါဝင်ချင်နေဆဲပဲ။

အိမ်ပြေးပြီးတည်းက အဖေနဲ့အမေ့စိတ်ကြိုက်ဖြစ်အောင်နေခဲ့တယ်။ ပကတိအမှန်တရားကို ဖုံးကွယ်ပြီးတော့ပေါ့။ ပင်ပန်းလွန်းလှတယ်။ ကလေးငယ်လေးဟာ သူဘယ်သူလဲလို့ ရှင်းလင်းပြောပြ ပေးမယ့်သူကို တောင့်တခဲ့တယ်။ ယောက်ျားပီပီသသကြီးတွေက သူတို့ကိုယ်သူတို့ လိင်တူချစ်သူလို့ ပြောတာတွေကိုလည်း မမြင်ဖူး၊မကြားဖူးခဲ့ဘူးလေ။ မိန်းမနဲ့ကလေးတွေရှိပေမယ့် ယောက်ျားတွေနဲ့ ပုန်းလျှိုးကွယ်လျှိုးတွဲနေတဲ့သူတွေရှိလိမ့်မယ်လို့လည်း တွေးမကြည့်တတ်ခဲ့ဘူး။ လိင် သဘာဝဆိုတာ ဘယ်လိုဆိုတာ ကျွန်တော့်ကိုရှင်းပြပေးမယ့်သူမရှိဘူး။ အနားမှာ ဘယ်သူမှ မရှိဘူး။

ဒုတိယအကြိမ် အိမ်ကထွက်ပြေးချင်နေပေမယ့် အဝေးကို မပြေးတော့ဘူး။ အခန်းထောင့်ကိုပဲ ပြေးပြီးစာအုပ်တစ်အုပ်နဲ့ ထွက်ပါက်ရှာခဲ့တယ်။ အမေက ကျွန်တော့်ကို တက်ကျမ်းစာအုပ်တွေ ဖတ်ခိုင်းတယ်။ မြသန်းတင့်ရဲ့ 'လူကလေးသို့ပေးစာ'စာအုပ်ကိုဖတ်ပြီး အဲဒီလိုဖခင်မျိုးလိုချင်ခဲ့ပေမယ့် အဲဒီလူကလေးက လိင်တူချစ်သူဆိုရင် သူ့အဖေက ဘယ်လို စာမျိုးရေးမှာလဲလို့ သိချင်မိတယ်။

ကျွန်တော်ကြည်ခဲ့ဖူးတဲ့ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုအများစုမှာ လိင်တူချစ်သူတွေဆိုတာ ယောက်ျားတွေကို သိက္ခာမဲ့၊ အရှက်မဲ့၊ ဣနြေ္ဒမဲ့တပ်မက်နေတဲ့သူတွေအဖြစ် ပုံဖော်ထားတယ်။ လိင်တူချစ်သူကို လှောင်စရာ၊ ပြောင်စရာ၊ လေးစားစရာမရှိတဲ့ဇာတ်ရုပ် အဖြစ်ပြသကြတဲ့အခါ ကလေးလေးကျွန်တော် မရယ်နိုင်ခဲ့ဘူး။ ဂန်ဒူး၊အခြောက်ဆိုပြီး လိင်တူချစ်သူတွေကို နှိမ့်ချဆက်ဆံတာ၊ စော်ကား ပြောဆိုတာ၊ လှောင်ပြောင်သရော်တာ၊ မထီမဲ့မြင်စော်ကားတာခံရတဲ့သူတွေကိုမြင်ယောင်ရင်း သူတို့လိုမဖြစ်ချင်ဘူး။ နိုင်ငံရပ်ခြားက ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်တွေလို သာမန်လူသားတွေအဖြစ် ဘာဖြစ်လို့သရုပ်မဖော်နိုင်ရတာလဲဆိုပြီးလည်း ကလေးမို့ စောဒကမတက်တတ်ဘူး။

 အသက်ကြီးလာတဲ့အခါ မိန်းမတစ်ယောက်နဲ့ချစ်လိုက်ရင် ကျွန်တော့်ရဲ့စွဲလမ်းမှုတွေ ပျောက်သွားပါစေလို့သာ မျှော်လင့်ဆုတောင်းနေမိပေမယ့်လည်း ခက်တာက မင်းသမီးတွေကအစ လှပတဲ့ဘယ်မိန်းကလေးကိုမှ စွဲလမ်းလို့မရခဲ့ဘူး။ ခန့်ထည်တဲ့ယောက်ျားလေးတွေရဲ့အပြုံး၊ အကြည့်တွေ ပြီးတော့ သူတို့ရဲ့ခမ်းနားလှပတဲ့ ကိုယ်ခန္ဓာတွေကိုသာ နှစ်လိုတပ် မက်နေခဲ့တယ်။

ယောက်ျားလေးတွေနဲ့စကားပြောတဲ့အခါမှာ သူတို့အပေါ်မှာ ထူးခြားတဲ့ အလင်းရောင် ဖြာကျနေသလို ခံစားရတယ်။ မိန်းကလေးတွေကို ကြည့်မိတဲ့အခါထက် သူတို့က ပိုလှနေတယ်။ တကယ်တော့ အလှတရားတစ်ခုအပေါ်မှာ တည်နေတဲ့ချစ်စိတ်ပါ။ လိင်ကိစ္စအတွေးတွေ ကျွန်တော့်စိတ်ကူးထဲမှာ ရှိမနေခဲ့ပါဘူး။ အဆုံးစွန်ပြောရမယ်ဆို လိင်ဘယ်လိုဆက်ဆံလဲတောင် မသိခဲ့သေးပါဘူး။ ဒါပေမဲ့ ယောက်ျားလေးကို စွဲမက်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ဆင်ခြင်ခဲ့တယ်။ စွဲဆောင်မှုတွေကို ကျွန်တော်ခုခံတွန်းလှန်ခဲ့တယ်။

အမှန်တရားကိုပြောဆိုတဲ့အခါမှာ လိင်ဟာ မဖြစ်မနေထည့်သွင်းဆွေးနွေးရမယ့် အရာဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြတယ်။ ကျွန်တော့်ဘဝမှာတော့ လှည့်ဖျားမှုသာ ပဓာနကျခဲ့တယ်။ ယောက်ျားတစ်ယောက်ဟာ ဘယ်လို နေထိုင်ပြုမူရတယ်ဆိုတာကို မိသားစုနဲ့ပတ်ဝန်းကျင်က ပြောဆိုနေသမျှကို ကျွန်တော့်သိစိတ်ကရော၊ မသိစိတ်ကပါ လက်ခံထားနေမိတယ်။ အပြင်ပန်းအရတော့ အဖေ့စိတ်ကြိုက် ယောက်ျားဆန်အောင်နေတတ်လာခဲ့တယ်။ 

မိဘကချစ်အောင် ယောက်ျားလေးပုံစံနေပြီး မိသားစုကလက်ခံချင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ယောက်ျားလေးတွေအပေါ် စိတ်ဝင်စားနေတာကို မချေမှုန်းနိုင်ခဲ့ဘူး။ ယောက်ျားလေးတွေကပဲ ကျွန်တော့်အပေါ် ဆွဲဆောင်နိုင်တယ်ဆိုတာ သဘောပေါက်နေခဲ့ပြီး သူတို့နဲ့နီးစပ်ခွင့်ကို လိုချင်ခဲ့တယ်။ သူတို့ရဲ့လက်တွေနဲ့ ကျွန်တော့်ကို ထွေးပွေ့ထားပြီး သူတို့ရင်ခွင်ထဲမှာ နွေးထွေးကြင်နာမှုကို ခံယူနိုင်တဲ့နီးစပ်မှုမျိုးပေါ့။ လူပျိုပေါက်အရွယ်တည်းက ပကတိအတိုင်းဖြစ်တည်နေတဲ့ ယောက်ျားလေးတွေအပေါ် စွဲလမ်းခြင်း ကို ဘယ်လိုဖျောက်ဖျက်နိုင်မလဲ။ 

ကယ်တင်ရှင်ကတော့ နတ်သမီးပုံပြင်တွေထဲက မင်းသားလေးမဟုတ်ဘဲ အိမ်နားက ပန်းပုထုတဲ့ ဦးလေးကြီးဖြစ်နေတယ်။ ခင်ဗျားလည်း အသိပဲ။ ပန်းချီဆရာဖြစ်ချင်တဲ့ ဟစ်တလာက ပန်းချီကျောင်းက ငြင်းပယ်ခဲ့လို့ ပန်းချီဆရာ မဖြစ်ခဲ့ရဘဲ ကမ္ဘာကျော်လူသတ်သမားဖြစ်လာခဲ့တယ်။ အနုပညာကို စိတ်ဝင်စားတဲ့ ကျွန်တော်လည်း ခိုလှုံစရာ အနုပညာရိပ်မရှိဘူးဆိုရင် ကျွန်တော့်ဘဝက တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ပြီး ဖြစ်လိမ့်မယ်။ တစ်ချို့လူတွေလို စွဲလမ်းမှုကိုတိမ်းရှောင်ဖို့၊ ကဲ့ရဲ့မှုဒဏ်က လွတ်မြောက်ဖို့၊ စိတ်ဆင်းရဲမှုကိုမေ့ပစ်ဖို့၊ ဆေးခြောက်ကအစ ဘိန်းဖြူအဆုံး မူးယစ်ဆေးသုံးစွဲမိနိုင်တယ်။ အခုတော့ အဲဒီလွတ်မြောက်နည်းတွေမလိုဘဲ အနုပညာဟာ ကျွန်တော့်ကို စိတ်ဆင်းရဲမှုနွံ့ထဲက ကယ်တင်ခဲ့တယ်။

ကျွန်တော့်အတွက် ပန်းချီဆိုတာ လွင့်မျောနေတဲ့ တိမ်မျှင်လို ဝိုးတဝါးဖော်ပြချက်တွေသာဖြစ်ပြီး ပန်းပုက မြုပ်ကွယ်နေတဲ့ ခံစားချက်တွေ၊ အကြောက်တရားတွေ၊ အမှတ်တရတွေ၊ ဝိုးတဝါးပုံရိပ်တွေကို ဖမ်းဆုပ်ပြီး ရုပ်လုံးပေါ်အောင် ဖမ်းဆုပ်အသက်သွင်းရတာ ဖြစ်နေတယ်။ ရွံ့တွေနဲ့ ပန်းပုထုရတာကို သင်ယူစဉ်ကတည်းက အရသာတွေ့ခဲ့တယ်။ ပြီးတော့ ဆေးခြယ်တယ်။ မြင်မြင်ချင်းချစ်ခဲ့မိတာ ညီနဲ့ ပန်းချီ၊ ပန်းပုအတတ်ပညာပါပဲ။ ပန်းပုမှာ ထူးခြား တာတစ်ခုက အရာဝတ္ထုတွေက ကျွန်တော့်ကိုလှမ်းခေါ်နေတယ်လို့ ခံစားရတယ်။ သူတို့ကို အသက်သွင်းပေးပါလို့ ပြောနေတယ်။ ဒါကြောင့်ပန်းပုထုဖြစ်တာပဲ။

ပန်းချီ၊ ပန်းပုမှာ နစ်မြုပ်နေချိန်မှသာ ကျွန်တော့်ကိုကျွန်တော် လူသားစင်စစ်တစ်ယောက်ဖြစ်တယ်လို့ ခံစားရတယ်။ ပန်းချီ၊ ပန်းပုအနုပညာရှင်တွေဖြစ်သလို လိင်တူချစ်သူတွေဖြစ်တဲ့ လီယိုနာဒို ဒါဗင်ချီ၊ မိုက်ကယ် အိန်ဂျလိုတို့နဲ တစ်တန်းတစားတည်းလို့ ခံစားရတယ်။ ဒီလိုပြောလို့ လှောင်ချင်လည်းရပါတယ်။ ကျွန်တော်က အနုပညာချင်းနှိုင်းယှဉ် တာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်လို လိင်တူချစ်သူလို့ သိလိုက်ရချိန်မှာ သက်သာရာ ရခဲ့တဲ့ ခံစားချက်ကိုနားလည်နိုင်သူ နည်းပါလိမ့်မယ်။

မငတ်မွတ်ဖူးသူတွေဟာ ဆာလောင်သူတွေရဲ့ဝေဒနာကို ခံစားနားလည်နိုင်စွမ်းမရှိသလိုဘဲ ကျွန်တော့်ပြောစကားကို ကြားသူတွေကလည်း ကိုယ်ချင်းစာဖို့ခက်မှာပါပဲ။ ညီကတော့ ကျွန်တော်ပြောသမျှကို ခေါင်းတညိတ်ညိတ်နဲ့ နားလည်မှုရှိတဲ့ မျက်လုံးလေးတွေနဲ့ နားထောင်တတ်တယ်။ အဲဒါကြောင့်ပဲ ကျွန်တော်အရူးကြီးရူးခဲ့တာ ထင်ပါရဲ့။

ဒါပေမဲ့ ညီ့အကြံပြုချက်အတိုင်း မိသားစုပန်းပုထုဖြစ်သွားတာက ကျွန်တော်ရူးမိုက်လို့ မဟုတ်ပါဘူး။ ခင်ဗျားလည်း ခင်ဗျားရဲ့အတွေ့အကြုံတွေကို အသိပညာအဖြစ် ဘဝမှာအသုံး ချဖူးမယ်။ ကျွန်တော်က ပန်းပု၊ ပန်းချီအဖြစ် ဖန်တီးမယ်။ ကျွန်တော့်အတွက်တော့ ပန်းပုထုတယ်ဆိုတာ ကျွန်တော့်ကိုယ်ထဲမှာရှိနေတဲ့သူကို ပိုသိအောင်လုပ်တာဖြစ်တယ်။ စာဆန်ဆန် ပြောရရင်တော့ ကျွန်တော့်ကိုကျွန်တော်ရှာဖွေခြင်းပေါ့။ ကျွန်တော့်ကိုကျွန်တော် လေ့လာပြီး သိနားလည်လာခြင်းလည်းဖြစ်တယ်။ မကောင်းတဲ့အချက်ကတော့ ဒီလိုပုံသွင်းရင်း ရှာဖွေရတာ အားကုန်လှတယ်။

ထုလက်စကလေးပန်းပုရုပ်မှာ စိတ်ပျက်စရာ အကျည်းတန်တဲ့မွန်းကျပ်မှုတွေ ငြိတွယ်နေတယ်။ ဘယ်လိုလဲ။ ဒီရုပ်ပျက်ဆင်းပျက်ရုပ်တုကို ကြည့်ပျော်ရှုပျော်ရှိလာအောင် ပြုပြင်မွမ်းမံပြီး ဆက်ကစားသွားမလား။ ဒါမှမဟုတ် ဒီအသုံးမကျတဲ့ပန်းပုကို ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်မလားလို့ ရွေးရတော့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ငယ်ပုံရိပ်ရုပ်တုမှာ ရိုးသားပွင့်လင်းမှုပဲ ရှိစေချင်တယ်။

မယ့်ကိုး 

(ဆက်ရန်...)  


မကြာမီထုတ်ဝေဖြန့်ချီမယ့် အရေးပေါ်အခန်းထဲမှာ ဝတ္ထုရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်ရှင် :)