05 September 2014

စက်ဘီးစီးတဲ့ ဥသြငှက်ငယ်

ဥသြသံကြားပေမယ့် မနွမ်းလျသောသူရှိပါသလား။ ဥသြငှက်လေးသည် သူ့ကြည်နူးချမ်းမြေ့မှုများကို ဖွင့်အံနေခြင်းဖြစ်နိုင်သော်လည်း သူမကတော့ ဥသြသံလေးကြားတိုင်း ဥသြငှက်လေး မပျော်ရွှင်ဘူးလား။ အဖော်မဲ့လွမ်းဆွတ်နေသလား။ မြည်တမ်းရင်ဖွင့်နေသလားလို့ ထင်ယောင်မြဲဖြစ်သည်။ တစ်ခါတစ်ရံ ဥသြငှက်ကလေးမှာ ဝမ်းနည်းနာကျင်မှုကို မခံမရပ်နိုင်လွန်းသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပေါက်ကွဲနေသည် ဟု ထင်မိသည်။ အဆွေးဓာတ်ခံနဲ့သူမို့ ကိုယ်ချင်းစာရင်နာမိခြင်းလည်း ဖြစ်မည်။ ခက်တာက သူမသည် ထိုမျှကြေကွဲဖွယ်မြည်တမ်းသံကို တစ်ကြိမ်တစ်ခါထက်ပိုကာ ကြားနာခြင်းငှာ မစွမ်းနိုင်သူဖြစ်သည်။

သို့သော် ရက်စက်တတ်သော ဥသြငှက်သည် နံနက်ငါးနာရီခွဲကစကာ  စက်ဘီးစီးကာ သူမပတ်ဝန်းကျင်သို့ ရောက်လာတတ်သည်။ ဥသြငှက်ငယ်သည် ဥသြဟု မမြည်တွန်ပါ။' ပဲပြုတ်၊ အီကြာကွေး' လို့သာ ရွတ်ဆိုလေသည်။ ထိုအသံသည် သူမရဲ့ နားတွင်းအမြှေးပါးကို ထိုးဖောက်ကာ သွေးကြောထဲသို့ ဝင်ရောက်ပြီး နှလုံးသားကို လှုပ်ရမ်းစေလေသည်။ ဥသြငှက်ငယ်ရဲ့ အသံမှာ ဘာကြောင့်ဆွေးမြေ့ တုန်ခါနေသနည်းဟု သူမ နားမလည်နိုင်အောင် ရှိရသည်။

သူမသည် ဥသြငှက်ငယ်ကို ဖမ်းရန်ကြိုးစားသည်။ မူလအစမှာတော့ မအောင်မြင်ချေ။ ဥသြသံကြားခိုက်မှာ သူမက တိုက်ခန်းအတွင်းပိုင်းကို ရောက်နေတတ်ပြီး လသာဆောင်ကို အပြေးအလွှားခြေချမိချိန်မှာတော့ စက်ဘီးလေးနဲ့ ဥသြက အဝေးကို ရောက်နှင့်နေပြီ။ သက်ပြင်းချသည်။ နာရီကြည့်သည်။ နောက်ထပ်တစ်နာရီ ဥသြငှက်လေးကို ထပ်စောင့်ရဦးမည်။ ခြောက်နာရီခွဲခန့်တွင် ဥသြငှက်ကလေးသည် တစ်ခေါက်ပြန်လည်လာတတ်သည်။

လက်ခုပ်တီးကာ ဥသြငှက်လေးရဲ့ ရွေ့လျားမှုကို နှောင့်ယှက်လိုက်သည်။ ဥသြငှက်လေးက မပြုံးမရယ်ခပ်တည်တည်ကြည့်ကာ ခေါင်းငြိမ့်သည်။ လိမ္မော်ရောင်စက်ဘီးပေါ်မှ ဆင်းသည်။ 'ဘာယူမလဲ အစ်မ' ဟု မေးသည်။ ရန်ကုန်မှာ ဈေးရောင်းသူအများတို့ရဲ့ စံအတိုင်း နူးညံ့ချိုသာခြင်းအလျဉ်းမဲ့သည့် အသံနှုန်းဖြင့် ဆိုသည်။ ခုနက အော်သံနဲ့ စကားပြောသံ ဘာဖြစ်လို့ ဒီလောက်တောင်ခြားနားရတာလဲဟု မေးချင်ပေမယ့် ' ပဲပြုတ်တစ်ရာဖိုး၊ အီကြာကွေးတစ်ချောင်းပေးပါ' လို့သာ ဆိုဖြစ်သည်။

ဥသြငှက်ငယ်ရဲ့ စကားပြောသံမှာ မညက်ညောပေမယ့် ဝတ်ပုံစားပုံမှာ ပြေပြစ်လှသည်။ သွယ်လျသောကိုယ်မှာ တီရှပ်နဲ့ ဒူးအထက်ဘောင်းဘီတိုကို အချိုးတကျ ဝတ်ဆင်ထားသည်။ သူမသည် ဥသြငှက်ငယ်ရဲ့ ဝတ်စုံအရေအတွက်ကို မခန့်မှန်းတတ်ပေမယ့် တစ်နေ့တစ်မျိုးမရိုးသောဆင်ယင်မှုကြောင့် ဥသြငှက်ငယ်သည် သူမထက် အဝတ်အစားပေါကြွယ်သူဖြစ်ကြောင်း သတိထားမိသည်။ သူမသည် ပဲပြုတ်နဲ့အီကြာကွေးကို တွဲဖက်စားသုံးတတ်သော ရန်ကုန်သူမဟုတ်ချေ။ ပဲပြုတ်ကို နံပြား၊ပလာတာနဲ့သာ အီကြာကွေးကို လက်ဖက်ရည်နဲ့သာ ဆက်စပ်စားသောက်တတ်သူသာ ဖြစ်သည်။ သူမသည် နောက်ထပ်လမ်းလျှောက်ဈေးရောင်းသူတစ်ယောက်ကို စောင့်ကာ ပလာတာဝယ်ရဦးတော့မည်။

ထိုမျှအစားအသောက်ကရိကထကတော့ ဥသြငှက်ကို အနီးကပ်စောင့်ကြည့်နိုင်ခြင်းရလာဒ်အတွက် ပေးဆောင်ရမည့်အဖိုးအခဟု သဘောထားရမည်။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့် ဥသြငှက်သည် သူမရဲ့စိတ်ဝင်စားမှုအာရုံအတွင်းရောက်လာသနည်း။ သူမသည် အသံတွေကို စွဲလမ်းခုံမင်တတ်သူ မဟုတ်ချေ။ အထူးသဖြင့်လိင်တူမိန်းကလေးတစ်ယောက်ရဲ့အသံက သူမကို ဘယ်တုန်းကမျှ မလွှမ်းမိုးခဲ့ဖူးပေ။ သို့သော် ဥသြငှက်ငယ်နဲ့ ဆုံလိုက်ချိန်မှစကာ ထိုသမာရိုးကျဖြစ်တည်မှု၊အတွေ့အကြုံ အားလုံးမှာ ခြွင်းချက်ရှိလာသည်။



photo credits to The Loner


ဥသြငှက်သည် အရှိန်ပြင်းပြင်းဖြင့် သူမ မရောက်ဖူးသောတစ်နေရာသို့ တွန်းပို့နေသည်။ ထိုနေရာမှာ သူမ ကူရာမဲ့၊ကယ်ရာမဲ့ ခံစားရသောနေရာဖြစ်သည်။ ဒီလောကကြီးမှာ သူမ တတ်နိုင်သောအရာမျာရှိကြောင်း နားလည်စိတ်ဓာတ်ကျစေသော အသံဖြစ်သည်။ ဥသြငှက်ရဲ့ ဝမ်းနည်းနာကျင်မှုစွက်နေသောအသံကို သူမက ဖြေလျော့သက်သာအောင် မလုပ်ဆောင်နိုင်ကြောင်း သိသာစေသော နေရာဖြစ်သည်။ သူမရဲ့ စွမ်းအင်မဲ့မှုကို အထူးပြုမြင်သာအာင် မီးမောင်းထိုးပြနေသာ နေရာလည်း ဖြစ်သည်။ အဘယ်မျှ ကြေကွဲစရာကောင်းလိုက်ပါသနည်း။

သိပ်မကြာမီမနက် ၇ နာရီခွဲခန့်တွင် ဥသြငှက်အသံကို ထပ်မံကြားရဦးမည်။ ဥသြက သူမ၊ သူမက ဥသြဖြစ်နေသည်။ ဥသြငှက်လေးသည် သူမရဲ့ဖွင့်ထုတ်မဆိုနိုင်သောဝေဒနာများကို ကိုယ်စားဖော် ပြပေးနေသည်ဟု ခံစားရသည်။ အသံလှိုင်းမဖြတ်သန်းနိုင်သည့် လေဟာနယ်တစ်ခုဆီ သူမ ထွက်ပြေးချင်သည်။ဘယ်အရပ်တွင် သူမ လုံခြုံမည်နည်း။လေပြင်းတွေ တိုက်ခိုက်ကာ သူမ လွင့်သွားချင်သည်။ ဘယ်အရပ်သို့ ရှောင်ပုန်းရမည်နည်း။ ဥသြငှက်သံကြောင့် နာကျင်မှုများသည် ကမ်းခြေသို့ တလိမ့်လိမ့်ရွေ့လာသော လှိုင်းများလို ရင်ခွင်သို့ ပြန်ရောက်လာသည်။

မိုးခြိမ်းသံတွေ ကြားသည်။ မိုးရွာတော့မည်။ မိုးရွာလျှင် စက်ဘီးနှင့် ဥသြငှက်ငယ်အတွက် ဈောင်းရောင်းရာမှာ ကသီလင်တဖြစ်ပေတော့မည်။ ဥသြငှက်ငယ်သည်အရင်လို အီကြာကွေးချောင်းများကို စက်ဘီးလက်ကိုင်မှာ ချိတ်နိုင်တော့မည်မဟုတ်ပေ။ မိုးကာအကျီဝတ်ကာ စက်ဘီးစီးလာသည့် ဥသြငှက်ငယ်လေးကို သူမတွေ့ရပေတော့မည်။

ဘယ်ရာသီမှာ ဥသြသံကို နားဆင်ရခြင်းက သင့်ကို ပိုလို့ ဆွေးမြေ့စေပါသလဲဟု သူမ မေးချင်သည်။ သူမအတွက်တော့ ဆောင်းကုန်စ အေးစိမ့်ရာသီမှာ ကြားရသော နွေဦးရဲ့ ပူပြင်းခြောက်သွေ့မှုအကြား လွင့်ပျံလာသော ဥသြသံထက် ကောင်းကင်မည်းမှောင်ကာ ထစ်ချုန်းမိုးရွာနေစဉ်မှာ နားဆင်ရသော ဥသြသံက ပိုလို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်စေသည်။ မမြင်ရသော်လည်း အတောင်ဖျားမှာ မိုးရေစိုစွတ်နေသော ဥသြငှက်လေးပုံရိပ် စိတ်ဝယ်ထင်လာကြီး ကြေကွဲဝမ်းနည်းခဲ့ဖူးသည်။ အခုတော့ မိုးစက်တွေကြားမှာ ဖြတ်သန်းဈေးရောင်းနေသည့် ဥသြငှက်ငယ်အတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားရပေဦးတော့မည်။

ဂီတနက်သန်ကိုစောငြိမ်းရဲ့ နွေဦးသီချင်းကို ပြန်နားထောင်မိပြန်သည်။ ‘ဥသြငှက်ကလေးတို့ရယ်၊ ဟိုပင်ယံရွှေယင်းမာက၊ တေးသံသာဖွဲ့ကာ ကျီစယ်၊ ရယ်ရွှင်ပါလို့ မောင့်ကိုညွှန်းသည့်နှယ်၊ ပူပူဝန်ကြွေးရယ်နဲ့၊ ဆွေးရတဲ့မိန်အကျန်ဝယ်၊ ရော်ရွက်ဝါတို့ သက်ကြွေဆဲ၊ ဖော်နည်းသူမို့ မျက်ရည်ဝဲပြီကွယ်။’

ဥသြငှက်ငယ်လေးကြောင့် ဖြေမဆည်နိုင်ဖြစ်ရခြင်းက ဖော်နည်းခြင်းကြောင့်ဆိုလျှင် သူမအတွက်တော့ အပေါင်းအသင်းသူငယ်ချင်း မိတ်ဖက်နည်းခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူငယ်ချင်းမရှိသော သူမတစ်ယောက် ဥသြငှက်ကလေးကို မိတ်ဆွေရင်းလို စိတ်ထားကာ ဥသြငှက်လေးရဲ့ လိုအပ်ချက်၊ဖော်ပြလိုချက်၊ မကျေနပ်ချက်မှန်သမျှကို မျှဝေချင်ပေမယ့် မစွမ်းနိုင်တဲ့ ဘဝပိုင်ဆိုင်ထားလေသည်။

သို့သော် သူမက မျက်ရည်မဝဲပါ။ နာကျင်လှိုင်းရိုက်ခတ်ခံရသော်လည်း မျက်နှာစူပုတ်ပုတ်နှင့် လူသိခံသူ မဟုတ်ပါ။ ဥသြငှက်လေးလို ရင်တွင်းခံစားမှုကို ဖော်ပြနိုင်စွမ်းလည်း ရှိသူမဟုတ်ပါ။ ဥသြမဖြစ်ရခြင်းရဲ့ ဆိုးကျိုးတစ်ခုရယ်လေ။ ။

မယ့်ကိုး
နှင်းဆီဖြူဂျာနယ် ၊ အတွဲ၁၊ အမှတ်၂၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅