09 January 2015

သူမက အတုဖြစ်ခဲ့တယ်

သူမဟာ အတုဖြစ်ခဲ့တယ်။ ချစ်ခြင်းမေတ္တာတစ်မှုံတစ်စရဖို့အတွက် လိုက်လျောတယ်။အောက်ကျို့တယ်။ အလျှော့ပေးတယ်။ ဝမ်းနည်းနေပေမယ့် ရယ်စရာဆိုတယ်။ သိမ်ငယ်နေပေမယ့် ကြိုးစားပြုံးတယ်။ မကောင်းကြံမှန်းသိပေမယ့် ရူးချင်ယောင်ဆောင်တယ်။ ချောက်ကမ်းပါးပါးနက်နက်မှာ နေတယ်။ မိုးမည်းမည်းအောက် လျှောက်သွားတယ်။ ကိုယ့်သေတွင်းကိုယ်တူးတယ်။ အားလုံးလည်းသိရဲ့။လူလုပ်ရတာ ခက်တယ်။ အထူးသဖြင့် လူမုန်းခံရမှာကြောက်လို့ ဟန်ဆောင်နေရတာ ပင်ပန်းလွန်းလှတယ်။

‘self-pitying, self-loathing, self-destroying, self-constructing,self-compassion,self-judgement, low self-esteem, high self-esteem,’ အတ္တခေါင်းစဉ်အမျိုးမျိုးနဲ့ လည်ပတ်နေတယ်။ သူမကိုယ်သူမ သနားပိုခြင်း၊ မုန်းတီးခြင်း၊ ပျက်စီးရာပျက်စီးကြောင်းကြံခြင်း၊ တည်ဆောက်မွမ်းမံခြင်း၊ စာနာခြင်း၊ ဝေဖန်ခြင်း၊ အထင်သေးသိမ်ငယ်ခြင်း၊ ကြည်ညိုလေးစားခြင်းဆိုတဲ့ အနိမ့်အမြင့်လှိုင်းဂယက်မှာ ပေါ်လိုက်မြုပ်လိုက်ဖြစ်နေတယ်။



တော်သင့်ပြီ မဟုတ်လား။ တစ်ထောင့်တစ်ရာအကြိမ်မြောက် အရေခွံလဲဖို့ ကြံတယ်။ ကိုးဆယ့်ကိုးခါကျရှုံးလည်း မရပ်မနား ကြိုးစားဦးမယ်။ ရွာပြင်ထွက်နေရတာ ကြာလွန်းလို့ အထီးကျန်ပြီး ရူးသွပ်သွားတာ ဖြစ်မယ်။ ခက်တာက သေကြောင်းကြံစည်တဲ့ အရူးဆိုတာ မရှိဘူး။ ဥာဏ်ရည်မြင့်တဲ့ အူကြောင်ကြောင်တွေသာ ဒီပညာကို ကျွမ်းကျင်တယ်။ ဒီတော့ ပေကပ်ပြီး အသက်ရှင်ရဦးမယ်။

စာရေးဆရာ ဟာရုခိ မူရာကာမိရဲ့ ကမ်းခြေပေါ်က ကပ်ဖ်ကာ ဆိုတဲ့စာအုပ်ကို ခရီးဆောင်အိတ်ထဲ ထည့်ကာ ခရီးထွက်ဦးမယ်။ စာအုပ်ထဲက ကျီးကန်းလို့အမည်ရတဲ့ ကောင်လေးက ကပ်ဖ်ကာကို ပြောသလိုပဲ သူမကိုယ်သူမ ပြောမယ်။‘From now on ... no matter what… you've got to be the world’s toughest woman. That’s the only way you are going to survive.’

ကြံ့ခိုင်မယ်။ ရှင်သန်မယ်။ ရဲရင့်မယ်။ အမှန်တရားကို မကြောက်မဝံ့ဖော်ထုတ်ရဲသူ ဖြစ်ချင်တယ်။ အနိုင်ကျင့်သူတွေကို လျစ်လျူရှုမယ်။ မနှစ်လိုတဲ့အကြည့်တွေကို ပုခုံးတွန့်ပြမယ်။ ကဲ့ရဲ့စကားတွေကို ဘေးဖယ်ထားမယ်။ သူမက ဂုဏ်သိက္ခာရှိ လူသားတစ်ဦးဖြစ်တယ်။ အစိုးရက ပိတ်ပင်သည့်တိုင် လူ့အခွင့်အရေးစာတမ်းကို ကိုင်စွဲထားဦးမယ်။

သူမဟာ လေးစားမှုနဲ့ ဂုဏ်သိက္ခာကို ခံယူနိုင်တဲ့ အခွင့်အရေးရှိတယ်။ ခံစားချက်၊အတွေးအမြင်၊လိုအပ်ချက်တွေကို ဖော်ပြနိုင်တဲ့ အခွင့်အရေးရှိတယ်။ အပြစ်တင်ခြင်း၊စိတ်မသိုးမသန့်ဖြစ်ခြင်းတွေကို ဖယ်ရှားကာ မကောင်းမွန်၊မသင့်တော်တဲ့အရာမှန်သမျှ 'ဟင့်အင်း'လို့ ငြင်းပိုင်ခွင့်ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊ခံစားချက်ပိုင်းဆိုင်ရာ ခြိမ်းခြောက်နှိပ်စက်မှုတွေဘေးမှ သူမကိုယ်သူမ ကာကွယ်နိုင်ခွင့်ရှိတယ်။ ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သူမ တည်ဆောက်နိုင်ခွင့်လည်း ရှိတယ်။ အခြေခံလူ့အခွင့်အရေးတွေကို သူမရပိုင်ခွင့်ရှိတယ်။

သူမ လူပီပီသသနေချင်တယ်။ ဘယ်သူ့ကိုမှ အသက်ရှုအောင့်ပြီး ဟန်ဆောင်ပြုံးရယ်မပြချင်တော့ဘူး။ သူမမှာ အမှားမရှိလို့ ဘယ်သူ့ကိုမှ ကြောက်လန့်မနေတော့ဘူး။ အသေချာဆုံးက ဘယ်သူ့ကိုမှ သူမ ဦးမညွှတ်ချင်တော့ဘူး။ သူမအစစ်ဖြစ်တဲ့အခါ ဘယ်သူကမှ သူမကို မချစ်တော့ဘူးလား။ ရတယ်။ ပကတိအတိုင်း အသက်ရှင်ချင်သေးတယ်---။


 မယ့်ကိုး

2 comments:

Anonymous said...

like
this is my sister's character.
esther

Me said...

Well-expressed. Thumb up!