21 February 2015

စွန့်လွှတ်ခြင်းမှာ အနုပညာလိုအပ်သလား

သူချော်လဲတဲ့အခါ ဖေးကူပေးမယ့်လက်ကလေး ရှိနေပြီဖြစ်ပေမယ့် သူမက သူ့ကို စိတ်ချလက်ချ မထားခဲ့နိုင်သေးဘူး။ ပင်လယ်ကိုဖြတ်ပြီး ထွက်မသွားခင်လေး လည်ပြန်လှည့်ကြည့်ရင်း သူ့ကောင်မလေးကို အမှာပါးချင်သေးတယ်။ တနည်းအားဖြင့် တောင်းဆိုချင်သေးတယ်။ ကောင်မလေးအတွက်တော့ ယုံကြည်ဖို့ခက်လိမ့်မယ်။ 

သူမက အမျိုးသမီးဝါဒီ၊ ကျား၊မသာတူညီမျှရှိရေးကို ဦးထိပ်ထားသူ။ ဒါပေမယ့် သူ့ကို ချစ်မိတဲ့အခါ သူက ဖိုသတ္တဝါ ၊သူမက မသတ္တဝါဆိုတဲ့ ပညတ်ချက်တွေကို အမှီမပြုဘူး။ အသက်ထက်ပိုချစ်ရတဲ့ သူ့လိုအပ်ချက်တွေဟာ သူမရဲ့အရေးထက်အရင် ရှေ့တန်းရောက်လာတယ်လို့ သူမဆိုရင်လေ။ ဒီလို ဝန်ခံရတာ သူမ မရှက်ပါဘူး။ ဒါဆိုဘာဖြစ်လို့ ကျောခိုင်းလိုက်တာလဲဆိုပြီး ကောင်မလေးက မယုံသင်္ကာဖြစ်နိုင်တယ်။ သူ့ကို ပျော်စေချင်လွန်းလို့ပါဆိုတဲ့ သတ္တိကြောင်တဲ့လူတွေရဲ့ အားလျှော့တဲ့ဆင်ခြေကိုပဲ သုံးစွဲရလိမ့်မယ်။

သူနဲ့သူမဟာ ဘဝတူလွန်းတယ်။ တစ်ယောက်ရင်ကို တစ်ယောက်က ထိုးဖောက်မြင်တော့ နာကျင်စရာတွေပဲ ကြည့်ရှုနေမိတယ်။ မဖြစ်သင့်ဘူး မဟုတ်လား။ ဒီလို နာကျင်သောအတိတ်ဆိုတဲ့ အသွင်တူညီခြင်းနဲ့စတင်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာချည်နှောင်မှုဟာ ရလာဒ်ဆိုးနိုင်တယ်။ တူညီမှုဆိုတဲ့အခန်းကို ကျော်ဖြတ်ပြီးတော့ မတူညီတဲ့အပိုင်းတွေ ရောက်လာတဲ့အခါ ညှိယူရမယ့် အခြေအနေတွေဖြစ်လာတဲ့အခါ နှစ်ယောက်စလုံးဟာ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုတယ် မဟုတ်လား။

သူမတို့နှစ်ဦးလုံးဟာ မရင့်ကျက်သေးပါဘူး။ မဖြောင့်ဖြူးတဲ့လမ်းမှာ သူ့ကို မလျှောက်စေချင်တော့ဘူး။ အခါခပ်သိမ်းအကြောင့်ကြမဲ့ ငြိမ်းအေးသာယာစွာပဲ သူ့ကို နေစေချင်ပါတယ်။ ယုံကြည်ပါ။ ထိခိုက်နာကျင်နေသူဟာ သူများကို ဘယ်လိုလုပ်ပျော်တော်ဆက်နိုင်မှာလဲ။ သူမက စိတ်ဓာတ်မကြံ့ခိုင်သေးဘူး။ အလွယ်တကူလဲပြိုတတ်တယ်။ သူ့ကို ဘယ်လိုဖေးမနိုင်မှာလဲ။ လောကမှာ သူမအကြောက်ဆုံးက သူ့ကို မကာကွယ်၊ မစောင့်ရှောက်နိုင်မှာကိုပဲ။ သူမနဲ့အတူရှိခိုက်မှာ သူ ဘာရနိုင်မှာလဲ။ သူ့ဒဏ်ရာတွေကို သူမ စာနာပေးနိုင်တယ်။ နာကျင်လှိုင်းတွေကို ဖမ်းယူနိုင်တယ်။ သောကတွေကို ဖြေလျှော့ပေးနိုင်တယ်။ ဒါပေမယ့် သူ့ကိုပျော်ရွှင်စေနိုင်သူက သူမ မဟုတ်ပါဘူး။

သူမရဲ့ အူကြောင်ကြောင် အပြုအမူတွေ၊ ပွင့်လင်းတဲ့စကားတွေကြောင့် သူ ရံဖန်ရံခါ ရယ်မောရမှာဖြစ်ပေမယ့် ကောင်မလေးလိုမျိုး သူမမှာ ဟာသဥာဏ်မရှိပါဘူး။ (တစ်ခုတော့ သတိပေးပါရစေ။ ဟာသဥာဏ်ရှိသူတွေဟာ တစ်ဖက်သားရဲ့ အားနည်းချက်၊ခ၊ွတ်ယွင်းချက်တွေကို ဟာသလုပ်တတ်တယ်။ သူ့ရှေ့မှာတော့ ကောင်မလေးက အဲဒီလို မပြုမူစေချင်ဘူး။ တစ်ဖက်သားကို ရယ်စရာလုပ်တတ်သူတွေကို သူမနှစ်မြို့ဘူး။)

ဖိနှိပ်ခံရသူတွေရဲ့ လှိုင်းဒဏ်ကြောင့် သူမရဲ့ရင်ဟာ လှုတ်ခတ်နေတတ်တယ်။ ဒီလိုရပ်ဝန်းမှာ သူ မနေသင့်ပါဘူး။ ဒဏ်ရာကင်းစင်ချမ်းမြေ့တဲ့ မိန်းကလေးမျိုးနဲ့သာ သူ့ဘဝကို တည်ဆောက်စေချင်လွန်းလို့ပါ။ အစကောင်းမှ အနှောင်းသေချာတဲ့။ မွေးစထဲက အရွယ်ရောက်သည့်တိုင် ခြိမ်းခြောက်နှိပ်စက်ခံရပြီး ကြီးပြင်းလာရသူရဲ့စိတ်ဟာ အနယ်ကျဖို့ မသေချာဘူး။ ဒါဆို အစတည်းက ဘာလို့ချစ်ခဲ့သေးလဲလို့ ကောင်မလေးက သရော်မယ်။ အချစ်ဆိုတာ ဖန်တီးပြုပြင်လို့မရတဲ့ အရာထဲက တစ်ခုပဲ။ ချစ်တယ်။ ဒါပေမယ့် စွန့်ပစ်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ပုံရိပ်တွေဟာ သူမရဲ့နှလုံးသားမှာ အရိပ်ထင်နေဆဲလေ။

မိသားစုရဲ့ ချစ်မြတ်နိုးခြင်းကို ယနေ့ထက်တိုင် မရတဲ့လူမို့ သူ့ကိုလည်း သူ့မိသားစုနဲ့ အဆင်ပြေအောင် ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတာ သူမ မသိဘူး။ မိစုံဖစုံနဲ့ သက်သောင့်သက်သာကြီးပြင်းလာခဲ့ပြီး ပေါင်းသင်းဆက်ဆံရေးနည်းဗျူဟာတွေ တတ်က၊ွမ်းတဲ့ ကောင်မလေးကသာ သူ့ကို တခြားသူများနဲ့နီးကပ်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ် မဟုတ်လား။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲကလို သူက ဘာအရောင်ကြိုက်တယ်။ ဖိနပ်နံပါတ်က ဘာ၊ ဘာအစားအစာမစားဘူး။ ဘယ်လို အကျင့်စရိုက်ရှိတယ်ဆိုတာမျိုး သူမ မှာတမ်းမခြွေချင်ပါဘူး။ ကောင်မလေးက လူရည်လည်သူမို့ သူ့အရိပ်အကဲကို သူမထက်ပိုကာ သိပြီးဖြစ်ပါလိမ့်မယ်။ဒါကြောင့် အသည်းကွဲပေမယ့် ဝမ်းမနည်းဘူး။

လေရူးသုန်သုန်ထဲက ဇာတ်ကောင် စကားလက်ကို မယ်လနီက အက်ရှလေကို မသေခင်အပ်ခဲ့တဲ့ စကားလေးတစ်ခွန်းလိုမျိုး ဆိုချင်ပါတယ်။ ‘သူ့ကို စောင့်ရှောက်ပါ။ ဒါပေမယ့် သူ့ကို စောင့်ရှောက်နေတယ်ဆိုတာ သူမသိပါစေနဲ့တဲ့။ သူမက အဲဒီစကားလေးသာ လက်ဆင့်ကမ်းချင်ပါတယ်။ သူမနဲ့ထပ်တူဒဏ်ရာတွေရှိခဲ့တဲ့ သူ့ကို စောင့်ရှောက်ပေးပါကွယ်။ သူဟာ စစ်မြေပြင်က သူရဲကောင်းလိုဟန်ဆောင်နေပေမယ့် ကြောက်လန့်တတ်တဲ့ ကလေးသူငယ်လေးသာ ဖြစ်ပါတယ်။ သူ့ကို ကာကွယ်ပေးရလိမ့်မယ်။ ဒါပေမယ့် သူ သိလို့ မဖြစ်ဘူး။ သူ့မာနကို မမြင်ကွယ်ရာက ကူညီထောက်ပံ့ပေးရလိမ့်မယ်။ သူ့ရဲ့အကျည်းတန်တဲ့စိတ်ထားတစ်ချို့ကို မြင်တဲ့အခါ ကြောက်လန့်တကြားနဲ့ သူ့ကို မထားခဲ့စေချင်ဘူး။

ကောင်မလေးရေ ... မင်းက ဥာဏ်ပညာရှိသလို သူတစ်ပါးကိုလည်း အပြစ်မြင်တတ်၊ပြောတတ်တယ်။ ဒါပေမယ့် သူ့အားနည်းချက်တွေကို ဝေဖန်တိုက်ခိုက်ကာ သူ့ကို နာကျင်အောင် မလုပ်ပါနဲ့။ ချိုချိုအီအီကြင်နာစကားမပြောတတ်တဲ့သူ့ကို ကျေးဇူးပြုပြီး ချစ်မြတ်နိုးကြောင်း မကြာခဏဆိုပေးပါ။ သူမလိုပဲ မိဘမေတ္တာငတ်ခဲ့တဲ့သူဟာ တခြားသူရဲ့ချစ်ခြင်းတွေကိုလည်း အလွယ်တကူ သံသယ၀င်တတ်လို့ပါကွယ်။ လူရိုင်းကလေးသူဟာ လူကြီးလူကောင်းဆန်စွာ မင်းကို ပြုစု စောင့်ရှောက်နေခြင်းဟာ သူချစ်ကြောင်းဆိုနေခြင်းသာလို့ နားလည်ပေးပါ။ ဒီလိုတွေပြောလို့ ဆရာလုပ်တယ်ဆိုကာ မငြူစူပါနဲ့နော်။ သေခါနီးလူရဲ့ နောက်ဆုံးစကားလို့ သဘောထားမှတ်ယူပေးပါကွယ်။ တကယ်ပဲ နောက်ဆုံးရယ်လေ။

သူ့ကို မကာကွယ်မစောင့်ရှောက်နိုင်တဲ့မိန်းမမို့ ‘I’ll protect you’ဆိုတဲ့စကားအစား ‘I wish I could protect you’ ‘I hope I wouldn't hurt you’ လို့သာ ပြောဆိုနိုင်တော့မယ်။ ၀မ်းနည်းလွန်းလို့ ရင်ကွဲလုမတတ်ဖြစ်နေပေမယ့် သူ့အတွက် သူမရဲ့ နောက်ဆုံးလက်ဆောင်ကတော့ လွင့်ပါးပျောက်ကွယ်သွားခြင်းပါပဲ။ ဒီတစ်ခုသာ စွမ်းဆောင်နိုင်သူပါ။ တစ်ကိုယ်ကောင်းကြံစိတ်ကသူမကို ဝါးမြိုမသွားခင် သူ့ကို တွန်းထုတ်ခဲ့ပြီးပြီ မဟုတ်လား။ သူ့နှလုံးသားကို ဖမ်းဆုပ်ထားပါ။ ကောင်မလေးမှာ ကောင်းမြတ်စိတ်ထားရှိမှန်း သူမ သိပါတယ်။ သူမရဲ့စိတ်သက်သာမှုအတွက်သာ ကတိစကားလေး တောင်းရတာပါ။ 

သူဟာ နားခိုရာရှာနေသူ မဟုတ်ပေမယ့် ကောင်မလေးလိုပဲ အိမ်တစ်ခုလိုအပ်တယ်လေ။ ချောက်ထဲကျခါနီးသည့်တိုင် သူ့လက်ကို လွှတ်မချလိုက်ပါနဲ့။ အနူးအညွတ်တောင်းဆိုလိုက်ပါတယ်။ ။

မယ့်ကိုး