30 June 2018

မျက်ရည်ရဲ့ ဂုဏ်တော်အဖြာဖြာ

…………………………………………………
 The heart was made to be broken.
 - Oscar Wilde 
………………………………………………… 

နာမည်ကြီးလှတဲ့ အသည်းကွဲခြင်းနဲ့ ကျွန်မ ထိပ်တိုက်တွေ့ချိန်ပေါ့။ မာရေကျောရေနိုင်လှတဲ့ စိတ်ထားပိုင်ရှင် မိန်းမတစ်ယောက်ရဲ့ နှလုံးရည်စမ်းသပ်ခန်းဟာ အခုမှ စတင်ခဲ့တာ။ ‘ကိုယ့်ကိုယ်ကို ဂရုစိုက်စောင့်ရှောက်ပါလို့ ကျွန်မ မပြောတော့ဘူး။ ရှင့်မှာ စောင့်ရှောက် ယုယမယ့်သူ ရှိနေပြီမဟုတ်လား’လို့ ပြောကာ သူ့ဘဝထဲက ကျွန်မ ထွက်ခဲ့ပါတယ်။ ဘယ်ဆွေမျိုးမိတ်သင်္ဂဟာ အသုဘမှာမှ မငိုခဲ့တဲ့သူပါ။ဆွေးမြေ့ကြေကွဲဖွယ်ဘယ်ရုပ်ရှင်မှာမှ မျည်ရည်မဝိုင်းခဲ့သူပါ။ သူစိမ်းတွေအဆိုအရတော့ ကျွန်မဟာ စိတ်ခံစားမှုချို့ယွင်းနေသူပါတဲ့။ ဒါပေမယ့် လမ်းခွဲစကားအဆုံးမှာတော့ မငိုဘူးလို့ စိတ်မတင်းခင်မှာတင် မျက်ရည်တွေဟာ ရေတံခွန်စီးဆင်းသလို ဖြာကျလာခဲ့။ ဘုရားမလို့ ကံကြီးသီစွာပဲ ကျွန်မ မျက်ရည်တွေကို သူ မမြင်ခဲ့ပါဘူး။

 အော်စကာဝိုင်းပြောသလိုပဲ အသည်းနှလုံးဆိုတာ ကွဲကြေဖို့ ပြုလုပ်ထားခဲ့တာဖြစ်မှာပဲ။ ကျွန်မရဲ့ အသည်းနှလုံးဟာ ရင်ထဲက ပေါက်ထွက်ကာ တစ်စစီကြေကွဲလွင့်စင်သွားတယ်။ ဘဝဟာ ရုတ်ချည်းခေါက်ရိုးချိုးခံလိုက်ရတယ်။ ကောင်းကင်ကြည်ပြာဟာ ခဏအတွင်း မည်းမှောင်လာတယ်။ ကမ္ဘာကြီးရပ်သွားတယ်။ မီးတောင်ပေါက်ကွဲကာ ချော်ရည်ပူတွေ စီးဆင်းလာတယ်။ လေထုထဲမှာ ပြာပူမှုန့်တွေ ထူပြိန်းကာ အသက်မရှုနိုင်လောက်အောင် ဖြစ်လာတယ်။ အချိန်နာရီတွေဟာ အရည်ပျော်ပြီး ဆူပွက်အငွေ့ပျံသွားကြတယ်။ အသည်းကွဲသွားတဲ့အခါ လူတွေဘယ်လိုပြုမူတတ်ကြသလဲ။ ကျွန်မကတော့ အစာမစား၊ရေမသောက်ဘဲ တစ်ညလုံး ငိုခဲ့တယ်။

ချစ်သူကို စွန့်လွှတ်ရခြင်း၊ အိပ်မက်တွေ ပျက်စီးသွားခြင်း၊ မာနကို အထိနာခြင်း၊ ယုံကြည်မှုအလွဲသုံးစားပြုခံရခြင်း၊ ကိုယ့်ကိုယ်ကိုယ်လေးစားစိတ်ကို မေးခွန်းထုတ်ရခြင်း။ လူဖြစ်ရခြင်းအကျိုးကို ခါးသီးမေးခွန်းထုတ်မိခြင်း။ သူကတော့ သောကကင်းဝေးစွာ ပျော်နေပါလိမ့်မယ်။ ကျွန်မလည်း ကြိုးစားရပ်တည်ခဲ့ပါတယ်။ နောက်တစ်နေ့မထနိုင်လောက်အောင် ခေါင်းအုံကိုက်ခဲနေပေမယ့် ရုံးကိုတော့ အရောက်သွားခဲ့ပါရဲ့။ ဒါပေမယ့် အလုပ်မလုပ်နိုင်ဘဲ သန့်စင်ခန်းသွားကာ တစ်နေ့လုံးငိုခဲ့သလို နောက်တစ်နေ့ ဆေးခွင့်ယူကာ အိပ်ရာထဲမှာ လှဲနေခဲ့ရ။ အဲဒီမှာ ဆင်မြူရယ်ဂျွန်ဆင်ပြောတဲ့ စကားတစ်ခုကို သတိရမိလေတာ။

‘ဝမ်းနည်းခြင်းဟာ စိတ်ဝိညာဉ်ရဲ့ သံချေးမျှသာပဲ။ လှုပ်ရှားသက်ဝင်တက်ကြွတဲ့အလုပ်မှသာ စိတ်ဝိညာဉ်ကို သန့်ရှင်းတောက်ပြောင်စေလိမ့်မယ်’တဲ့။ ကျွန်မ အခုလုပ်နိုင်တဲ့ လှုပ်ရှားမှုကတော့ တစိမ့်စိမ့်မျက်ရည်ကျခြင်းရယ်သာ။ ဒီလိုသာ မငိုရဘူးဆို ကျွန်မ ရူးသွားမလားလို့လည်း တွေးမိရဲ့။ ရှိတ်စပီးယားကလည်း ပြောခဲ့ဖူးတယ်မဟုတ်လား။ “To weep is to make less the depth of grief.”တဲ့လေ ။ ‘ပူဆွေးခြင်းအတိမ်အနက်ကို လျော့ပါးစေဖို့ ရှိုက်ငိုပါ’လို့ ဆိုတယ်မဟုတ်လား။ ဟုတ်ကဲ့။ ကျွန်မ အားပါးတရငိုခဲ့ပါတယ်။ အခုအချိန်မှာ ပြန်တွေးကြည့်တော့ ဒီအဖြစ်တွေဟာ ရယ်စရာကောင်းနေပေမယ့် ဟာသတော့ ဖြစ်မလာပါဘူး။

သုတေသနမှတ်တမ်းတွေအရ ငိုကြွေးခြင်းဟာ လူကို အကျိုးများစွာပြုတယ်တဲ့လေ။ ဝမ်းနည်းလို့ ကျတဲ့မျက်ရည်ဟာ တစ်ခုခုထိခိုက်မိလို့ ကျတဲ့ မျက်ရည်နဲ့ မတူပါဘူးတဲ့။ ၁၉၅၇ ခုနှစ်တည်းက စမ်းသပ်ချက်များအရ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်ထဲမှာ စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေ ၊ အမျိုးမျိုးသော အဆိပ်အတောက်တွေ ပါဝင်ပါတယ်တဲ့။ အသည်းကွဲလို့ ကျခဲ့တဲ့ မျက်ရည်များနဲ့အတူ အစိတ်အတောက်တစ်ချို့၊ စိတ်ဖိစီးမှုဟော်မှုန်းတစ်စိတ်တစ်ပိုင်းလည်း ခန ္ဓာကိုယ်ထဲက ထွက်သွားတာ ဝမ်းသာစရာပဲနော်။ ပြီးတော့ ငိုကြွေးခြင်းဟာ ကိုယ်တွင်းမှာရှိတဲ့ မန်ဂနိဓာတ်ကိုလည်း လျော့ကျစေပါတယ်တဲ့။ ဒီဓာတ်ဟာ စိတ်နေစိတ်ထားအပေါ် သက်ရောက်မှုရှိပြီး သွေးထဲမှာထက် မျက်ရည်ထဲမှာ ပါဝင်မှုနှုန်း သုံးဆယ်ဆ ရှိတယ်တဲ့။ ဒါကြောင့် ကျွန်မ ငိုခဲ့တာ မမှားပေဘူး။ ငိုကြွေးလိုက်ခြင်းကြောင့် ကျွန်မစိတ်ဟာ အနည်းငယ်သက်သာရာ ရလာခဲ့တာ အမှန်ပါပဲ။

အဆုံးမှာတော့ မျက်ရည်များဟာ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်သာပြေငြိမ်းစေခဲ့တယ်။ စဉ်းစားကြည့်ပါလေ။ ရှင်မွေးနွန်းဟာ မင်းနန္ဒာရဲ့ သေဆုံးကြောင်း သတင်းကြားပြီးပြီးခြင်း နှလုံးခုန်ရပ်သေဆုံးသွားတာ မငိုနိုင်ခဲ့လို့များလား။ ကျွန်မကတော့ မသေခဲ့ဘူးရယ်။ အသည်းကွဲခဲ့ပေမယ့် ဆက်လက်ရှင်သန်ရဦးမယ်။ ရူးပတ်ဘရွတ်ခ်ပြောခဲ့တဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ ‘ မင်းအတွက် အချစ်တွေသေဆုံးသွားတဲ့အခါ၊ ငါသေသင့်တယ်လို့ ငါတွေးခဲ့တယ်။ အချစ်က သေသွားခဲ့တယ်။ သူတစ်ခုတည်းပဲ။ တစ်ယေက်တည်းပေမယ့် အရမ်းကို ထူးဆန်းစွာပဲ ငါ အသက်ရှင်နေတယ်။’ တဲ့။

 …………………

 I thought when love for you died, I should die. It's dead. Alone, most strangely, I live on.
 - Rupert Brooke
 ………………… 

ကျွန်မလည်း အသက်ရှင်နေပါဦးမယ်။ အသည်းကွဲခြင်းရဲ့ ကျေးဇူးတော်အနန္တဖြင့်လေ။

 မယ့်ကိုး