26 July 2018

တောင်းပန်တယ်

'Demi Lovato’။ ဒမ်မီ လဗ်ဗတို။ သူ့ကို ဟိုးငယ်ငယ် ဒစ်စနေကားတွေမှာ ကြည့်ဖူးပေမယ့် သူ့သီချင်းတွေကို နားထောင်ဖြစ်ပေမယ့် သူ့ပရိသတ်မဟုတ်ခဲ့ဘူး။ ချစ်ခင်မိတာကတော့ The X Factor မှာ သူ ဒိုင်လုပ်တော့ ဆိုင်မွန်က ပမာမခန့်မလေးမစားလုပ်တာတွေကို သူက ချက်ချင်းတုန့်ပြန်ချေမှုန်းနိုင်တာကြည့်ရင်းက အစပြုခဲ့တာပါ။ နောက် သူ့လိုပဲ ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ ကောင်မလေးက သီချင်းဆိုရင်း သူ့ကို ကျေးဇူးတင်ကြောင်းပြောတော့ သူက အဲဒီကောင်မလေးဆီသွားပြီး အတူငိုကြတာမှာ ကျွန်မပါမျက်ရည်ကျမိတာ။ အဲဒီလို ပုဂ ္ဂိုလ်ခင်မိ၊ သံယောဇဉ်အစပျိုးမိပြီဆိုတော့ သူ့သီချင်းတွေကို ပိုနားထောင်မိ၊ကြိုက်မိသွားတာ။

‘Sober’။သီချင်းသံကြားစမှာတင် ပြောချင်လှပေမယ့် သူ ဆေးရုံတက်မှာပဲ ဒီစာရေးဖြစ်တော့တာ။ သူ့သီချင်းတွေမှာ ရင်ထဲအရောက်ဆုံးတေး။ မူးယစ်စေတဲ့အရာတွေကို မသုံးဘဲနေခြင်းတဲ့။တကယ်တော့ ဒီသီချင်းဟာ အရက်သေစာမူးယစ်ဆေးဖြတ်တဲ့အကြောင်းမဟုတ်ဘဲ မှောင်မိုက်စိတ်နွံတစ်ခုက လွတ်ဖို့ကြိုးစားရင်းမှာတင် ပြန်လည်နစ်မြုပ်သွားရတဲ့အခြေအနေတစ်ရပ်ကိုလည်း ရည်ညွှန်းနိုင်ပါတယ်။

"Sometimes I just wanna cave
And I don't wanna fight
I try and I try and I try and I try and I try
Just hold me, I'm lonely"

တကယ်ပဲ အဲဒီသီချင်းဟာ ကျွန်မကို ကိုယ်စားပြုတယ်။ လူလူသူသူဖြစ်ဖို့ ကြိုးစားတယ်။ အားထုတ်တယ်။ လုံ့လစိုက်နေတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့ လက်လျော့အရှုံးပေးလိုတယ်။ ဆက်လက်မကြိုးစားချင်တော့ဘူး။ အထီးကျန်သူမို့ ငါ့ကိုလက်တွဲထားပါလို့ ပြောချင်တယ်။ ဒါပေမယ့် ဘယ်သူ့ကို ပြောရမှာလဲ။ ကိုယ့်အဖြစ်ကို နားလည်တဲ့သူ မရှိနိုင်ပါဘဲ။ခြေချော်တဲ့အခါ ဖေးကူသူမဲ့နေဆဲ။

 "call me when it's over
'Cause I'm dying inside
Wake me when the shakes are gone
And the cold sweats disappear
Call me when it's over
And myself has reappeared"

သီချင်းထဲကလို တုန်လှုပ်နေမှုတွေ ပျယ်လွယ့်သွားတဲ့အခါ ဇောချွေး ပြန်ခြင်းတာတွေ ပျောက်ကွယ်သွားတဲ့အခါ၊ အားလုံးပြီးဆုံးသွားတဲ့အခါ ပြီးတော့ ငါတစ်ဖန်ပြန်ပေါ်လာတဲ့အခါ ငါ့ကိုခေါ်ပါ။ ငါ့ရင်ထဲမှာ သေနေလို့ပါလို့ ပြောချင်တယ်။ ဟုတ်တယ်။ ကျွန်မ ပြန်လာတဲ့အခါ နှုတ်ဆက်စေချင်တယ်။ ကြိုဆိုစေချင်တယ်။ ရင်ဘတ်ဟောင်းလောင်းနဲ့အသေလိုလူပေမယ့် ဖက်လှဲတကင်းလုပ်တဲ့အခါ ဝမ်းသာတယ်။ နွေးထွေးလုံခြုံမှုတွေနဲ့ လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားချင်တယ်။ ခေါ်မယ့်သူရှိရဲ့လားဆိုတာ မသေချာပေမယ့် ကျွန်မအမည်များ ကြားရမလားလို့ နားစွင့်နေတယ်။ တောင့်တမိတယ်။ အိပ်မက်တွေကို မြင်ယောင်မိပြန်တယ်။

"I got no excuses
For all of these goodbyes"

 နှုတ်ဆက်ခဲ့တာတွေအတွက် ဘယ်လိုဆင်ခြေမှ ငါ့မှာ မရှိဘူးတဲ့။ ပေါ်လိုက်ပျောက်လိုက်၊ ချစ်တယ်ဆိုပြီး အဝေးမှာရောက်နေတဲ့ ကျွန်မမှာလည်း ဆင်ခြေတွေမရှိဘူး။ ဆင်ခြေပေးစရာလူလည်း မရှိဘူး။ အကြောင်းပြချက်တွေကို တကူးတကနားထောင်ပေးမယ့်သူရယ်လို့ကို ရှိတယ်မထင်ဘူး။ ဒီလိုနဲ့ကျောခိုင်းခဲ့တာတွေ၊ ဝေးကွာသွားတာတွေ၊ ပျောက်ကွယ်သွားတဲ့ အရိပ်တွေ၊ တိမ်မှုန်မျင်လို အမှတ်တရဒဏ်ရာတွေပဲ ရရှိသူရယ်လေ။

"And I'm sorry for the fans I lost
 Who watched me fall again
I wanna be a role model
But I'm only human"

ဒီသီချင်းလိုပဲ ကျွန်မပျောက်သွားတဲ့အခါ ၊ခြေရာဖျောက်သွားတဲ့အခါ မေ့ပစ်လိုက်ကြတဲ့ စာဖတ်သူတွေကို စိတ်မကောင်းပါဘူးလို့ ဆိုချင်တယ်။ 'be strong' လို့ ခဏမကြာလာပြောသူတွေကိုလည်း အားနာလှပါတယ်။ တစ်ခါချော်လဲခဲ့ဖူးပေမယ့် နောက်ဆုံးမှာ ဝံ့ဝံ့ကြွားကြွားရပ်တည်နိုင်သူ ဖြစ်ချင်တယ်။ သူကလေ ဆိုပြီး ဥပမာပေးခံရသူ ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မက လူပါပဲ။ အားနည်းချက်တွေနဲ့ ပုထုဇဉ်ရယ်။ လူတကာကြည်ညိုစရာ စံပြမဖြစ်နိုင်သေးပါဘဲ။




 ထပ်မံပြိုလဲရပြန်တဲ့အတွက် တောင်းပန်တယ်လို့ ဆိုချင်တယ်။ အကူအညီယူပါမယ့်လို့လည်း ကတိပေးချင်တယ်။ဒါပေမယ့် မာနတွေဟာ လူကိုသတ်နေတယ်။ ဘဝကို တစ်စစီဆုတ်ဖြဲပစ်ဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ ဆိုချင်တယ်။ ကိုယ့်ကိုယ်ကိုယ် မေတ္တာထားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့ ဖြောင်းဖျချင်တယ်။ ကြောင့်ကြစိုက်ချင်တယ်။ အသိတရားရချင်တယ်။ ဒါပေမယ့်၊ ဒါပေမယ့်...ဒါပေမယ့်လေ ဒီဘဝကို ချည်နှောင်ထားတဲ့ကြိုးတွေ ကျွန်မမှာ မရှိပါဘူး။ တံလျှပ်အိပ်မက်တွေအတွက် သုံးစွဲထားတဲ့ခွန်အားတွေလည်း ကုန်ခမ်းနေပါပြီ။ မချစ်သူတွေကို ဟန်ဆောင်ပြုံးရတာလည်း ပန်ပန်းလှပါပြီ။ သိပ်သည်းမွန်းကျပ်တဲ့အမှောင်ထုမှာ အားတင်းလျှောက်ရင်းမှာတင် နွမ်းလျလှပါပြီ။ အတောင်မဲ့ ငှက်လို မတည်ရှိချင်တော့ပါဘူး။ တိတ်တဆိတ်ထွက်သွားချင်လှပါပြီ။

ကျွန်မ မရှိတော့လို့ စိတ်မချမ်းမြေ့မှု တစ်ခုခုခံစားရမယ်ဆိုရင် တောင်းပန်ပါတယ်လို့ပြောချင်တယ်။ အစွမ်းရှိသလောက် ကျွန်မကြိုးစားခဲ့ပါတယ်။ ဒေါသမထွက်ပါနဲ့။ အားနည်းသူပါ။ တစ်ချို့လူတွေဟာ ကြိုးစားနေရင်းမှာတင် ထောင်ချောက်ထဲက လွတ်အောင်မရုန်းနိုင်ဘဲ ပြန်ကျတတ်ပါတယ်။ စိတ်မရှိပါနဲ့။ အရေးတယူထားစရာမလိုတဲ့သူကို မေ့ပစ်လိုက်ပါ။ စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်မ ပျော်ခဲ့ပါတယ်။ ခွင့်လွှတ်လိုက်ပါ။ မိုက်မဲသူကိုရော မကယ်တင်နိုင်ခဲ့တဲ့အတွက်ရော ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ ဒမ်မီရဲ့ သီချင်းကို ကြားမိရင် တောင်းပန်ပါတယ်လို့ကျွန်မပြောခဲ့ဖူးတာကိုသတိရပေးစေချင်ပါတယ်။ ။

မယ့်ကိုး

15 July 2018

သားကောင်းမှလင်ကောင်းဖြစ်

သားကောင်းလင်ကောင်းမဖြစ် စကားပုံကြောင့် ငယ်ငယ်တုန်းက သားကောင်းကိုရရင် ယောက္ခမက နှိပ်စက်တာခံရတော့မှာပဲ တွေးခဲ့တယ်။  အမေကိုးကွယ်တဲ့သားတွေကြောင့် အိမ်ထောင်ရေးပြိုကွဲသွားတဲ့ စာတွေ၊ လက်တွေ့ဘဝတွေမြင်ရတော့လည်း ဒီအဆိုဟာ မှန်သလားလို့တောင် ယုံထင်ကြောင်ထင်ဖြစ်မိတယ်။ ဒါပေမယ့် ယဉ်ကျေးချိုသာပြီး ရိုးသားဖြူစင်ကာ တစ်ဖက်သားကိုစာနာထောက်ထားတတ်တဲ့ ယောက်ျားများနဲ့တွေ့ရင် သူ့အမေများ ဘယ်လိုသင်ခဲ့ပါလိမ့်ဆိုပြီး ကျွန်မစဉ်းစားမိတတ်ပါတယ်။ 

အဲဒီလိုအကျင့်ကောင်း၊ စိတ်ကောင်းရှိတဲ့သူရဲ့ အမေဟာ အနိုင်ကျင့်တတ်တဲ့သူဖြစ်မှာမဟုတ်ဘူး။ စိတ်ထားမြင့်မြတ်ရင့်ကျက်သူပဲ ဖြစ်မှာလို့ ယုံကြည်မိတတ်တယ်။ အဲဒီလို သူတို့အမေကိုချီးကျူးမိစေတဲ့ လက်ငါးချောင်းတောင် မပြည့်တဲ့လူစာရင်းမှာ ခရစ်အက်ဗင်စ်ပါဝင်ပါတယ်။ ခရစ်အက်ဗင်စ်ကို လင်ယောက်ျားကောင်းတစ်ယောက်ရဲ့ ရှိသင့်တဲ့စံတွေ တိုင်းတာလို့မရသေးသည့်တိုင်အောင် သားအမိတွေကြားက ရှိသင့်တဲ့ဆက်ဆံရေးကို နားလည်စေတယ်။

အနိုင်ကျင့်ဗိုလ်ကျသူတွေကို တိုက်ဖျက်တတ်တဲ့ ကပ္ပတိန်အမေရိက စိတ်ဓာတ်ကို ငယ်ငယ်လေးတည်းက သူ့အမေအားပေးပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။သူ သုံးလေးတန်းလောက်တုန်းက ကလေးတစ်ယောက်ကို တခြားသူတွေက အနိုင်ကျင့်နေတာ သူမြင်ခဲ့တယ်။ သူတစ်နေ့ လုံးစိတ်မကောင်းဖြစ်နေခဲ့တယ်။ ညအိပ်ရာဝင်တဲ့အခါ စောင်လာခြုံပေးတဲ့ သူ့အမေကို သူစိတ်မကောာင်းဖြစ်ရတဲ့အကြောင်းပြောတော့ သူ့အမေက (သူကာကွယ်မပေးနိုင်ခဲ့လည်း) စိတ်နှလုံးသားကတော့ အရေးကြီးဆုံးပါ။ အဲဒီစိတ်နှလုံးသားကို အမြဲမြန်ကန်နေအောင်ထားဖို့ ပြောခဲ့တယ်။

 ဒီလိုစိတ်ထားမျိုးကအစ လိင်ကိစ္စတွေအထိ သူနဲ့သူ့အမေဟာ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးနိုင်ကြသူတွေလည်းဖြစ်တယ်။ သူပထမဆုံးလူပျိုရည်ပျက်သွားတဲ့ အိမ်ကို ပြန်ပြေးပြီး သူ့အမေ့ကို ' သားလုပ်ခဲ့ပြီ။ ဘယ်လိုလုပ်နေလဲတော့ သားမသိဘူး။ ဒါပေမယ့် သားလုပ်ခဲ့ပြီလို့ထင်တယ်' လို့ပြောခဲ့တယ်။ ဒီလိုလိင်ကိစ္စတွေပြောရတာတောင် သူတို့သားအမိဟာ အနေမခက်ခဲ့ကြဘူး။ သူ့အမေက သူ့အကြောင်းတွေကို မျှဝေခဲ့တဲ့အတွက် ဝမ်းသာတယ်လို့ဆိုတယ်။ မိဘတစ်ယောက်အနေနဲ့ရိုးသားမှုကို လိုလားတယ်လို့ ကျွန်တော်ထင်တယ်လို့ သူကဆိုတယ်။




လိင်ကိစ္စတွေကို ရှက်ကြောက်စရာလို့မထင်ဘဲ သဘာဝအဖြစ်လက်ခံထားသူဟာ မိန်းမတစ်ယောက်ကို လိင်ဖျော်ဖြေမှုတစ်ခုလို့သာ မထင်ဘဲ လက်တွဲဖော်လူသားအဖြစ်၊ ချစ်ခြင်းမေတ္တာမျှဝေနိုင်သူအဖြစ် မြင်တတ်တာ မဆန်းပါဘူး။ ပြီးတော့ ခရစ်ဟာ မိန်းမတစ်ယောက်အလှဆိုတာ အရည်ပြားထက်ကျော်ပြီး မြင်တတ်သူလည်း ဖြစ်တယ်။ ရုပ်ဆိုးတယ်ဆိုပြီး သူ့ပရိသတ်တွေက မခံချိမခံသာသဘောမတူကြတဲ့ သူ့ရည်းစားဟောင်း Jenny Slate ကိုဆို ' သူမဟာ သူမရဲ့အားနည်းချက်ကိုပွင့်လင်းမြင်သာစေတယ်။ တအားရိုးသားတယ်။ သူမကိုယ်သူမထက် တခြားသူတွေပေါ်မှာ စိတ်ဝင်စားတယ်။ တကယ့်ကိုကြင်နာစိတ်ရှိတယ်။ သူမနဲ့ပက်သက်ပြီး မချစ်စရာဘာအကြောင်းမှ မရှိဘူး' လို့ ပြောတတ်တယ်။

သူဟာ ဒီလို သူ့ရည်းစားဟောင်းများကောင်းကြောင်းသာ ဆိုသူဖြစ်ပါတယ်။ သူနဲ့ဂျင်းနီစလိတ်တို့ဝေးသွားတဲ့တိုင်အောင် သူမဟာ အံ့သြသင့်ဖွယ် အရည်အချင်းရှိသူဖြစ်ကြောင်း အမြဲပြောတတ်တယ်။ 'ကျွန်တေ်ာ့ဘဝမှာ ဆိုးဆိုးရွားရွားလမ်းခွဲလိုက်ရတာမျိုး မရှိဘူး' လို့ သူက ဆိုတယ်။ 'ပုံမှန်အားဖြင့် ရည်းစားဟောင်းတွေနဲ့တွေ့ထားနဲ့ရင်းရင်းနှီးနှီးပွေ့ဖက်လိုက်တာပဲ။ ပြီးတော့လက်ရှိအခြေအနေတွေပြောပြရတာ ကြည့်နူးအံ့သြစရာပဲ။ တစ်ယောက်ကို ချစ်ရလောက်အောင် နဲ အဲဒီတစ်ယောက်က ပြန်ခွင့်ရတာက တော်တော်ကံကောင်းနေပြီ။ တခြားတစ်ယောက်က ကိုယ့်အကြောင်းကိုအမှန်တကယ်သိတယ်ဆိုတာ သိပ်ရှားတယ်။ ဒါကို တန်ဖိုးထားကာကွယ်သင့်တယ်။' လို့ပြောတတ်တယ်။

သူရဲ့အချစ်ဆုံးသူငယ်ချင်းက မိန်းကလေးဖြစ်ပြီး မိန်းမတွေကို လေးစားတတ်တဲ့သူ့အကြောင်းကို ပြောတိုင်း သူ့အမေအကြောင်းဟာ အဓိကနေရာက ပါဝင်ပါတယ်။ ' ကျွန်တော့အမေက သူ့ခေတ်သူ့အခါထဲက ယောက်ျား၊မိန်းမ သာတူညီမျှအခွင့်အရေးအကြောင်းကို စိတ်ထဲမှာ တဖြည်းဖြည်းစိမ့်ဝင်နေအောင် သင်ပေးခဲ့တယ်' လို့ဆိုတယ်။ ဒါကြောင့်သူဟာ မိန်းမဝါဒီလို့ပြောရမှာ မရှက်သလို အားနွဲ့သူအပေါ် ကြင်နာယဉ်ကျေးစွာ ဆက်ဆံတတ်သူလည်း ဖြစ်တယ်။ ' အကောင်းဆုံးအဖြစ် မိန်းမတစ်ယောက်ကို ပေးနိုင်တဲ့အရာကတော့ အလေးထားဂရုစိုက်မှုပဲ လို့အမေကပြောတယ်။ မိန်းမတွေက ကိုယ့်ကို အထင်ကြီးအောင် မကြိုးစားနဲ့။ သူ ပြောတာနားထောင်ဖို့သာ ကြိုးစားတဲ့။'

ဒီလိုသွန်သင်ခံရတဲ့ယောက်ျားတစ်ယောက်ဟာ လင်ယောက်ျားဆိုးဖြစ်လာမယ်လို့ ကျွန်မ မထင်ပါဘူး။ တကယ်တော့ သားကောင်းမှ လင်ကောင်းဖြစ်နိုင်မယ်လို့ ယုံကြည်မိတယ်။ အမေကို မချစ်တတ်တဲ့သားကသာ စိတ်ဒဏ်ရာတွေဗလာပွနဲ့ မိန်းမတွေကို ထိခိုက်နစ်နာစေမှာပဲလို့ သံသယဖြစ်မိတယ်။ အနည်းဆုံးတော့ မိန်းတွေကို လေးစားတတ်အောင်၊ မိန်းမတွေကို တန်းတူညီမျှလူလို့ နားလည်လက်ခံအောင် သွန်သင်ပေးတဲ့အမေတွေ ဒီထက်များလာမယ်ဆိုရင် လူတကာကို အမျိုးသမီးအခွင့်အရေးအကြောင်းကို အာပေါက်အောင် မပြောရတော့ဘူးလို့ မျှော်လင့်မိပါတယ်။ ။

 မယ့်ကိုး

11 July 2018

'ရှူး'

လူတောမတိုးဘူးလို့ အမေက ကျွန်မကို ပြောလေ့ရှိပါတယ်။ အမှန်ပါပဲ။ ကျွန်မမှာ လူတွေနဲ့ဆက်ဆံရမှာကြောက်တဲ့စိတ်ဝေဒနာ (social anxiety) ရှိတယ်လေ။ လူတွေက ကျွန်မကို အာရုံစိုက်နေတယ်ဆိုတာ သိလိုက်တာနဲ့ စိတ်ရောလူပါ သက်သောင့်သက်သာ မရှိတော့ဘူး။ တစ်ကိုယ်လုံးပူနွေးလာတယ်။ အသံတုန်ကာ စကားပြောရခက်လာတယ်။ နှလုံးခုန်ပြန်ပြီး ခြေလက်မခိုင်ချင်သလိုဖြစ်တယ်။ လူတွေက ဒီလိုဖြစ်ပျက်တုန်လှုပ်နေမှုကို ကဲ့ရဲ့မှာစိုးတယ်။ အကဲဖြတ်ခံရတာ ကြောက်တယ်။ အဲဒီလို ရုပ်ပျက်လေ ပိုအရှက်ရလေဖြစ်နေခဲ့တယ်။

 ဒီစိတ်ဝေဒနာကို ခံစားရခြင်းတွေဟာ အကြမ်းမျဉ်းအားဖြင့် အနိုင်ကျင့်ခံခဲ့ရလို့၊ မိသားစုတွင်းမှာ ပဋိပက္ခဖြစ်ခဲ့လို့၊ လိင်မှုဆိုင်ရာအကြမ်းဖက်ခံခဲ့ရတာတွေကြောင့်လို့ ဆိုတယ်။ အဲဒါကြောင့် ကလေးဘဝကစပြီး ယနေ့ထက်ထိ အရာရာပြည့်စုံတယ်ထင်ရတဲ့ ခရစ် အက်ဗင်စ်မှာလည်း  ဒီလိုမျိုးစိတ်ဝေဒနာ ရှိတယ်လို့သိလိုက်ရတဲ့အခါ အံ့သြသွားမိတယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း မိဘမှာ ဒီလိုစိတ်အခြေအနေမျိုးဖြစ်တတ်ရင် ကလေးက မိဘဆီက သင်ယူပြီး ဖြစ်တတ်တယ်လို့ဆိုသလို အရမ်းထိန်းချုပ်ခံရပြီး၊ အလွန်အကျွ ံကာကွယ်ပေးခံရပြီး ကြီးပြင်းလာရင်လည်း ဒီစိတ်ဝေဒနာဖြစ်လာတတ်တယ်လို့ ဆိုကြတယ်။

လူတစ်ယောက်ရဲ့ဘဝကို အပြည့်အစုံနားလည်ဖို့ ခက်ပါလားဆိုတာ ဝန်ခံလိုက်ရတယ်။ ဒီလိုဒဏ်ရာတွေကို သူဘယ်လိုရရှိခဲ့တာကို သိဖို့ထက် သူလည်းကိုယ့်လို ဒီစိတ်ဝေဒနာခံစားရပါလားဆိုကာသာ စိတ်မကောင်းဖြစ်မိတယ်။ ဒါဟာ ကြင်နာမိခြင်းရဲ့ လမ်းစဖြစ်ပါလိမ့်မယ်။ ဒီစိတ်ဝေဒနာကို ဘယ်လိုပျောက်ကင်းအောင်ကုသမလဲ။ သူရော ကျွန်မပါ အဖြေရှာခဲ့ကြတယ်။ ဒီလိုစိတ်ပူပန်မှုဖြစ်လာပြီဆို ခန္ဓာကိုယ်က ဖြစ်ပေါ်လာတဲ့တုန့်ပြန်မှုတွေဟာ အန္တာရယ်တစ်ခုကြုံတွေ့ရပြီဆို ဖြစ်ပေါ်လာတဲ့ ဓာတ်သဘာဝတွေပဲဖြစ်ပါတယ်။သက်ရှင်ဖို့အခွင့်ပေးတဲ့ တိုက်မလား ပြေးမလား ( Fight or Flight) အခြေအနေဖြစ်ပေါ်နေခြင်းပေါ့။  

ကျွန်မက ဒီဗျာပါဒတွေကို ဘယ်လိုထိန်းချုပ်လဲဆိုရင် အသက်ရှုတယ်။ (Breath) ။ ရှင်းရှင်းလေးပဲ။ အခြေအနေတွေဟာ ငါထင်သလောက်ဆိုးတဲ့အရာတွေ မဟုတ်ဘူးလို့စဉ်းစားတယ်။ အသက်ရှုတယ်။ လူတွေက ငါ့ကို ဒီလောက်အရေးမထားပါဘူး။ ငါဖြတ်သန်းနိုင်တယ်လို့အားပေးတယ်။ အသက်ရှုတယ်။ အာနပါနလေ့ကျင့်ခန်းပေါ့။

ခရစ်ကတော့ ဒီလိုအကြံပေးတယ်။ 'ဒါ သိပ်ရိုးလွန်းတယ်လို့ ထင်ရတယ်။ ဒါပေမယ့် နက်နဲသိမ်မွေ့တယ်။ "ရှူး" လို့ ကျွန်တော်ပြောမယ်။ "ရှူး" ဆိုတာ ကျွန်တော့်အတွက်တော့ သိပ်အရေးပါတယ်။ ကျွန်တော့်ဦးနှောက်က ဘယ်လောက်ဆူညံတယ်ဆိုတာ ဆန်းကြယ်သလို ဖြစ်မိတယ်။ ဦးနှောက်တိုင်းက ဆူညံမှာပဲ။ အတွေးတွေဖြစ်နေတာကို။ ပြဿနာက ကျွန်တော်တို့ဘဝမှာ ဆင်းရဲဖြစ်ခြင်းအကြောင်းရင်းက ဒီဦးနှာက်ကဆူညံသံတွေ နားထောင်ပြီး လိုက်လုပ်တာ။ ဒီအသံတွေကို ကိုယ်ဘယ်သူဆိုပြီး သတ်မှတ်နေတာပဲ။ ဒါဟာ ဦးနှောက်ကပြုလုပ်တဲ့ ဆူညံသံတွေသာ ဖြစ်တယ်။ အဲဒါထက်ဘာမှ မပိုဘူး။ အဲဒါထက် ဘာမှမပြောဘူး။ ရှူး(ဆိုပြီး ဦးနှောက်ကအသံတွေကို ငြှိမ်းလိုက်) ဒါက ခင်ဗျားကို တောင်တော်အထောက်အကူပြုလိမ့်မယ်' တဲ့။




သူဟာ ဒီအကြံပေးချက်ကို တွေ့ဆုံမေးမြန်းခန်းတော်တော်များများမှာ ထည့်ပြောတတ်ပါတယ်။ ' ဒီဆူညံသံဟာ ပျောက်ကွယ်သွားလိမ့်မယ်။ ခင်ဗျားက အတွေ့အကြုံတစ်ခုရလိုက်မယ်။ ဒီလိုနဲ့ခင်ဗျားက ရှင်သန်ခြင်းလှိုင်းကို တကယ်စီးဖြစ်တယ်' လို့လည်း ပြောတတ်တယ်။ တရားထိုင်တဲ့ ကျွန်မအတွက် သိပ်နားလည်လွယ်ကူပြီး အကျိုးရှိတဲ့ အကြံပေးချက်ဖြစ်ပါတယ်။ တရားစကားနဲ့ပြောရမယ်ဆို ရုပ်နာမ်က သူ့ဘာသာသူဖြစ်ပျက်နေတာ။ အတွေးတွေက ငါမဟုတ်ဘူး။ သူ့ဘာသာသူဖြစ်လာပြီး ပျောက်ပြယ်သွားတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။

ဒါသိပ်အံ့သြစရာတော့ မဟုတ်ပါဘူး။သူဟာ ကတ်သလစ်ဘာသာဝင်အဖြစ်ကြီးပြင်းလာခဲ့ပေမယ့် ဘာသာအသီးသီးမှ ဘုရားများကို အသိအမှတ်ပြုကိုးကွယ်တယ်လို့ပြောသလို ဗုဒ ္ဓ္ဓ ဘာသာဆိုင်ရာ အတွေးအခေါ်များကို အတော်လေးစိတ်ဝင်စားတယ်လို့ သိရပါတယ်။ သူဟာ တရားထိုင်ခြင်းကို ကျင့်စဉ်အဖြစ်လေ့ကျင့်တယ်လို့ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာရလာတဲ့အခါ ဆေးနည်းအမျိုးမျိုးနဲ့ ပျောက်ကင်းအောင် ကြိုးစားကြတယ်။ ဆေးနည်းတွေ မျှဝေကြတယ်။ ဒဏ်ရာအတိမ်အနက်ပေါ်မူတည်ပြီး အနာနဲ့ဆေးတည့်ချင်မှတည့်မှာဖြစ်ပေမယ့် နာကျင်မှုခြင်းတူတဲ့အခါ လူတွေဟာ နီးစပ်သွားကြတယ်။ လူဘုံအလယ်မှာ ထိတ်လန့်တတ်တဲ့မိန်းမတစ်ယောက်ဟာ သူဘယ်လိုခံစားရလဲဆိုတာ နားလည်တယ်ဆို မရယ်စေချင်ပါဘူး။

ကိုယ်ချင်းစာတယ်ဆိုတာ အပြောလွယ်သလောက်ခက်တယ်။ ချောက်ထဲကျဖူးသူတွေသာ ဘယ်လိုခံစားရကြောင်း အကျယ်ချဲ့ပြောစရာမလိုဘဲ နားလည်နိုင်ကြတယ်။ သူ့ရဲ အားနည်းချက်ကို ဖွင့်ပြောရဲမှုကို လေးစားတယ်။ ပြဿနာကို ချဉ်းကပ်ဖြေရှင်းနိုင်စွမ်းကို သဘောကျတယ်။ ဒါကြောင့် သူဟာ ယောက်ျား၊မိန်းမတွေ သားရေကျစရာ လိင်တစ်ခုသာမဟုတ်ဘဲ ခံစားတတ်တဲ့နှလုံးသားရှိတဲ့၊ ဉာဏ်ရည်မြင့်တဲ့လူတစ်ယောက်ဖြစ်ပါတယ်လို့ ပြောချင်တယ်။ 

ရိုးသားစွာ ဝန်ခံမှုပါ။ အဲဒီလူတစ်ယောက် စိတ်အားငယ်နေချိန်မှာ အားပေးချင်တယ်။တုန်လှုပ်နေတဲ့ သူ့လက်ကို ထွေးကိုင်လို့ ' ဘာမှ အရေးမပါဘူး။ အဆင်ပြေသွားမှာပါ' လို့ ပြောချင်တယ်။ မနီးမဝေးက ပြုံးကြည့်ရင်း 'အဆင်ပြေတယ် သိလား။ အောင်မြင်တယ်' ဆိုတာကို အသံမဲ့ဖော်ပြချင်တယ်။ အန္တာရယ်တွေကြုံတဲ့အခါ သူဘယ်လောက်ခွန်အားကြီးပါစေ သူ့ရှေ့မှာ ရပ်ကာ သူ့ကို ကာကွယ်လို့ သူ့ကိုစိတ်လုံခြုံမှုပေးနိုင်သူ ဖြစ်ချင်တယ်။ ကံနည်းသူမို့လည်း မိတ်ဆွေအဖြစ်နဲ့တောင် ဒီအခွင့်အရေးတွေ မရနိုင်ဘူးဆိုတာ လက်ခံရတာလောက် ဝမ်းနည်းစရာကောင်းတာ ဘယ်မှာရှိတော့မလဲနော်။

လူတစ်ယောက်က တစ်ယောက်ကိုနားလည်နေပေမယ့် တစ်ယောက်ကတော့ အဲဒီလူအသက်ရှင်နေပါတယ်ဆိုတောင် မသိဘူးတဲ့။ ကြေကွဲနာကျင်ခြင်းတွေကိုလည်း သူပြောသလို 'ရှူး' ဆိုပြီး ငြှိမ်းလို့ရရင် သိပ်ကောင်းမှာပဲ။ ခက်တာက လူမိုက်စင်စစ်ရယ်ပါ။ ချစ်ခြင်းနဲ့ ကြေကွဲခြင်းကို တစ်လှည့်စီ စားသုံးကာ။ တစိမ့်စိမ့်လွမ်းဆွတ်ရခြင်းကို အရသာခံချင်နေသေးတာ။ အလဟာသတဲ့လား။ ရယ်စရာတဲ့လား။ ဘာပဲပြောပြော သူဘယ်တော့မှ မသိနိုင်တဲ့ အဝေးကလူရဲ့ချစ်ခြင်းတွေက ငြိမ်းအေးပါတယ်ကွယ်။ ။

မယ့်ကိုး

10 July 2018

ယောက်ျားပီသတယ် ဆိုရာဝယ်



နိုင်ငံပဲပျက်ပျက်၊ ကမ္ဘာပဲကြေကြေ၊ ကောင်းကင်ပဲပြိုပြို Exo, BTS စတဲ့ kpop ဖန်တွေ၊ ခီဖန်၊ ဒေါင်းဖန်၊ စိုင်းစိုင်းဖန်၊ လုလုအောင်ဖန်၊မအေးသောင်းဖန် စတဲ့ idol fan တွေက သူတို့ချစ်သူတွေကို အသည်းအသန်၊ စွမ်းစွမ်တမံ ကာကွယ်ပေးနေဦးမှာပဲလို့ ထင်မိတယ်။ ရင်ထဲရှိရာ ထထပြောတတ်သူပြီး တစ်နှစ်မှာ ဆယ်လလောက်ပျောက်တတ်သူ ကိုယ်လည်း လေလောကီသားပေမို့ တစ်ခါတစ်လေတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ချင်မိတယ်။ ZTao, ဒေါင်း၊ ရဲတိုက်တို့ကို တစ်ချိန်လုံးချစ်ကြောင်းပြောနေသူတွေကိုလည်း အားကျမိတာကြောင့်လည်း Chris Evans ကို ပွဲထုတ်ချင်မိတယ်။ ဆိုင်သူရှိတယ်ဆို မင်းသားကအစ မကြိုက်တတ်တဲ့ကိုယ့်အဖို့ သူ့ရည်းစားသစ်မရခင်အထိ သူဘယ်လောက်ချစ်စရာကောင်းပုံကို ပြောမယ်လို့ စိတ်ကူးထားပါတယ်။ (ဗိသုကာအကြောင်း၊ စာကြောင်းပေကြောင်းလည်း ပြောမှာပါ။ But Mission is Chris. ^~* )

သူဟာ မိဘမေတ္တာ၊ မောင်နှမ ချစ်ခြင်းတွေကြားမှာ ပြည့်စုံကောင်းမွန်စွာကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ဝါသနာနဲ့စပ်အပ်တဲ့အလုပ်ကိုလည်း အခက်အခဲအတားအဆီးတွေမဲ့စွာ လုပ်ခွင့်ရပြီး အောင်မြင်မှုရလာသူပါ။ အထက်တန်းကျောင်းပြီးတဲ့အခါ ရုပ်ရှင်အေဂျင်စီတစ်ခုက အလုပ်လျှောက်ပြီး အလုပ်ရ၊ အဲဒီမှာခဏလုပ်ရင်း ဟိုကဒီကခေါ်ရိုက်ပြီး နောက်မင်းသားဖြစ်လာတဲ့သူဆိုတော့ အတိတ်ကံကောင်းသူလို့ ပြောနိုင်ပါတယ်။ နောက်တခြားသူတွေလိုချင်လွန်းလို့ လျှောက်ကြတဲ့ Caption America ဇာတ်ကောင်ကို ဇာတ်ကားကိုးကားတောင် ချုပ်ရမှာဆိုပြီး ငြင်းတာတောင် Marvel က လက်မခံဘဲ သုံးခါတိုင်တိုင် ကမ်းလှမ်းခဲ့တာပါ။နောက်ဆုံး ရောဘတ်စ်ဒေါင်နီ ဂျူနီယာက ရိုက်ပါဆိုပြီးပြောမှ ၆ ကားနဲ့အပြီး စာချုပ်မယ်ဆိုမှ လက်ခံခဲ့သူလည်း ဖြစ်ပါတယ်။ ဒီမှာ ဘာဖြစ်လို့ငြင်းခဲ့တာလဲဆိုရင် ကျော်ကြားမှုကို ဒဏ်ကို စိုးရွံ့ခဲ့တာကြောင့်လို့ သူကဆိုပါတယ်။

သူက အလုပ်လုပ်နေရတာ ကိစ္စမရှိဘူး။ စာနယ်ဇင်းဆွေးနွေးပွဲတွေရှိရင် စိုးရိမ်မှုကြောင့်ကြစိတ်ဖြစ်တယ်လို့ ပြောတယ်။ 'ဒါတကယ့်ကို ရင်တုန်ပန်းတုန်ဖြစ်စရာပဲ။ ကိုယ့်မိသားစု၊ကိုယ့်လူတွေမှာ ရှိနေရင်း လုံခြုံရေးတွေလူတွေအကုန်ရှိတဲ့ ကြောင်တောင်တောင်ကားရပ်စရာနေရာမှာ ရပ်လိုက်ရတယ်။ ရုတ်တရက်ပဲ သက်သောင့်သက်သာရပ်ဝန်းက ထွက်လိုက်ရတယ်။ အဲဒါထူးဆန်းတယ်။ ဒီကိစ္စသေးသေးလေးက လူကို စိတ်ရှုပ်စေတယ်ဆိုတာ' တဲ့။

ခရစ်က ပြောဖူးတယ်။ 'ကော်ဇောနီပေါ်လမ်းလျှောက်ရတာ ဘယ်လောက်ကြာမှာလဲ အလွန်ဆုံး နာရီဝက်ပေါ့။ ဒါပေမယ့် အဲဒီနာရီဝက်ဟာ ကျွန်တော့်အတွက်တော့ မီးသွေးခဲပူပူမှာ လျှောက်ရတဲ့ နာရီဝက်ပါ'တဲ့။ လူတွေ၊ကင်မရာတွေဒဏ်ကို သူဟာ အဲဒီလောက်ထိခံစားရပါတယ်။ ပြီးတော့ သူဟာ စာနယ်ဇင်းတွေ့ဆုံပွဲတွေကိုလည်း မကြိုက်ပါဘူး။ 'ဒါက တစ်ယောက်ချင်းမေးတာလို မဟုတ်ဘူး။ အင်တာဗျူးက အခန်းထဲမှာ ကိုယ်ကထိုင်နေမယ်။ သူတို့က တစ်ယောက်ပြီးတစ်ယောက်မေးမယ်။ အဲဒါကို တစ်နေကုန်လုပ်နိုင်တယ်။ အရည်ပျော်ကြမသွားဘူး။ ဒါပေမယ့် စာနယ်ဇင်းတွေ့ဆုံပွဲတွေက တကယ်ဖိအားများတယ်။ လူလယ်ခေါင်မှာ ကိုယ်က။ စစ်တပ်တစ်တပ်နဲ့တိုက်မယ်ဆို သူတို့ကို တန်းစီပြီး တစ်ယောက်ချင်းစီပဲ တိုက်နိုင်မယ်။ အခုသူတို့က ပတ်ပတ်လည်ဝိုင်းတိုက်တာ။ ခံရရော' လို့လည်း ဆိုခဲ့တယ်။



credit: Gettyimage 
 


သူဘာဖြစ်လို့ ဒီလိုသည်းမခံနိုင်တာလဲဆိုတဲ့အကြောင်းကိုလည်း ရှင်းပြတယ်။ 'ကိုယ့်အလုပ်ကို စိတ်ဝင်စားတဲ့သူတွေနဲ့စကားပြောရတာ ကောင်းတယ်။ ခပ်တုံးတုံးအကြောင်းတွေနဲ့အသုံးမကျတဲ့မေးခွန်းတွေကို ကိုယ်ကအရေးစိုက်သလိုလုပ်ပြီး ပြန်ဖြေရတဲ့အခါ ပေါက်ကွဲမိတယ်။' တဲ့။ ဒါက လူတိုင်းလိုလိုဖြစ်နေကျပါပဲ။ ဒါပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်အချို့အတွက်တော့ နားလည်ဖို့ခက်ကြတယ်။

'အဲဒါတကယ်ရယ်ရတယ်။ သူက တကယ့်ကိုအေးအေးလူလူသမား၊ အပေါင်းအသင်းတွေနဲ့သွားရလာတာ၊ လူတွေကြားနေရတာလည်း ကြိုက်တယ်။ ဒါပေမယ့် စာနယ်ဇင်းလုပ်တော့မယ်ဆို၊ အလုပ်နဲ့ပက်သက်ပြီး စကားစစ်ထိုးရတော့မယ်ဆို ခြောက်ခြားနေတော့တာပဲ' လို့ဆိုကြတယ်။

ရောဘတ်စ် ဒေါင်နီက ဂျင်မီကင်မဲလ်အင်တာဗျူးမှာ ' ကျွန်တော်တို့က အော်ဒီကားထဲဝင်ရမှာ။ အဲဒီမှာ သူက ဘာလုပ်ရမှန်းမသိဘူး။ အစ်ကို အရင်ဝင်မလား၊ ကျွန်တော်အရင်ဝင်ရမလားမေးနေလို့ ' ဟေ့ကောင်၊ ယောက်ျားလိုနေ' လို့ ပြောရတယ်ဆိုပြီး ခရစ်အကြောင်းကို ဆိုဖူးတယ်။ အဲဒီအင်တာဗျူးကြည့်ပြီး 'toxic masculinity' ဆိုတဲ့ ဝေါဟာရကို ပိုနားလည်မိတယ်။ ယောက်ျားလိုနေဆိုတာ ဘာကိုပြောတာလဲ။ တကယ်က စက်ရုပ်လိုနေလို့ ပြောသင့်တာ မဟုတ်လား။

အရပ်မြင့်မြင့်၊ ခန့်ခန့်ညားညား ကျားကိုးစီး စားမကုန်တဲ့ ယောက်ျားတစ်ယောက်က လူမှုဆက်ဆံရေးဆိုင်ရာမှာ  စိုးရိမ်ကြောင့်ကြစိတ် (social anxiety) ရှိတာကို တွေ့ရတဲ့အခါ လူတွေက ရယ်ကြတယ်။ ယောက်ျားလည်း လူပဲမို့ ပတ်ဝန်းကျင်စိမ်းနဲ့ကြုံတဲ့အခါ လူတွေက ကိုယ့်ကိုဝိုင်းကြည့်အကဲခတ်နေကြတဲ့အခါမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ပါတယ်။ ဒါကို ရယ်စရာလှောင်စရာလုပ်နေကြတာဟာ မသင့်တော်ပါဘူး။ မဖြစ်သင့်ပါဘူး။ ရက်စက်မှုပါပဲ။

ယောက်ျားဆို ဘာလုပ်လုပ်ဘာဖြစ်ဖြစ် စိတ်ဓာတ်ကြံ့ခိုင်နေရမယ်ဆိုတာ မှားယွင်းတဲ့တွေးခေါ်မှုပါပဲ။ ကလေးဘဝတည်းကစလို့ ယောက်ျားဆို မငိုရဘူး။မပျော့ညံ့ရဘူးဆိုကာ  ယောက်ျားရဲ့ စိတ်ခံစားရတာတွေကို ထုတ်ဖော်မပြောစေချင်ကြဘူး။ မမြင်ချင်ကြဘူး။ ယေကျ်ားစိတ်ဆိုတာ တစ်ချိန်လုံးခိုင်မာတော့င်တင်းနေရမယ်လို့ ခံယူထားရကြတယ်။ ယောက်ျားဆိုတာ ပြဿနာကို စကားနဲ့ မပြောဘဲ လက်နဲ့အကြမ်းဖက်ဖြေရှင်းတတ်ကြတယ်။ ဒါယောက်ျားသဘာဝဆိုပြီး မှားယွင်းလက်ခံထားကြတဲ့ အဆိပ်အတောက်ဖိုသဘာဝအမြင်သာ ဖြစ်ပါတယ်။

ယောက်ျားစိတ်ကို အရုပ်လို၊ အရိုင်းလို၊ ဘုရားလို ကန့်သတ်ချင်တဲ့ သဘာဝကြောင့် စိတ်ဆင်းရဲမှုကြုံလာတဲ့အခါ ယောက်ျားတွေဟာ ဘယ်သူ့ ကို ရင်ဖွင့်လို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားမလည်ကြတော့ဘူး။ ကိုယ်ဘယ်လိုခံစားနေရလဲ။ ဘာကြောင့်ခံစားနေရလဲ။ ခံစားချက်ကို ဘယ်လိုကုစားမလဲ အဖြေမရှာတော့ဘူး။ အရက်သောက်တယ်။ နည်းမျိုးစုံနဲ့အာရုံလွှဲတယ်။ ထုံပေအောင် နေတယ်။ ကိုယ့်ကိုယ်ကိုယ်မသိယောင်ဆောင်တယ်။ မာကျောအောင် ကြိုးစားရင်း ရက်စက်တတ်လာကြတယ်။ ဒီလိုကိုယ့်ကိုယ်ကိုယ်ညှင်းပန်းခြင်းဒဏ်ကို ဒီယောက်ျားတွေပဲ ခံရပြန်တယ်။ သူတို့ရဲ့လူသိမခံတဲ့ စိတ်ဒဏ်ရာဟာ ပျောက်ကင်းဖို့မဖြစ်နိုင်တော့ဘူး။ ရလာဒ်ကတော့ ယောက်ျားတွေရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုက မိန်းမတွေထက်များတယ်။ လူသတ်မှု၊ အကြမ်းဖက်မှုကျူးလွန်တာလည်း ယောက်ျားတွေက အများစုဖြစ်နေတယ်။

ယောက်ျားပီသတယ်ဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာတယ်။ ယောက်ျားလည်း လူတစ်ယောက်ပဲမို့အားငယ်တတ်တယ်။ တစ်ချို့အရာတွေကို ကြောက်ရွ ံ့တတ်တယ်။ တစ်ချို့အရာတွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ လူတိုင်းလက်ခံနားလည်တတ်မယ့်အချိန်ရောက်ဖို့ ဘယ်လောက်စောင့်ရဦးမှာလဲ။ ခရစ် အက်ဗင်စ်ကတော့ သူ့အငုံစိတ်၊ကြောင့်ကြစိတ်၊စိုးရိမ်ဗျာပါဒတွေကို လူရယ်ခံရသည့်တိုင် တရားဝင်ပြောကြားခဲ့တဲ့ တကယ့်ယောက်ျားစစ်ဖြစ်ပါတယ်။

ခရစ်က Caption America ဇာတ်ကောင်ကို ရွေးချယ်မှု၊သူ့ကြောက်စိတ်နဲ့ပက်သက်ပြီး ' ကိုယ်အကြောက်ဆုံးအရာတွေဟာ ကိုယ်အလုပ်သင့်ဆုံးအရာဖြစ်နိုင်တယ်။ ကိုယ်ကိုယ့်ကိုယ်လုပ်ဖို့တွန်းအားပေးသင့်တဲ့အရာ ဖြစ်မယ်။ ဒီလိုတွေးရင်းနဲ့တစ်ချို့အရာတွေဟာ ယုတ္တိတန်လာတယ်။' လို့ဆိုတယ်။

ဒီလိုပဲ ကိုယ်ဟာ ခရစ်အကြောင်းကို ပြောရတာ အရေးပါတယ်။ အဓိပ္ပါယ်ရှိတယ်လို့ထင်မိတယ်။ နတ်ဘုရားနဲ့ယှဉ်သတ်နိုင်တဲ့၊ စစ်တပ်တစ်တပ်လုံး ဖြိုခွင်းနိုင်တဲ့ ကြောက်စိတ်မဲ့သူလို ထင်ရတဲ့ ဇာတ်ကောင်ရဲ့နောက်ကွယ်က ယောက်ျားတစ်ယောက်ရဲ့ စိတ်လှုပ်ရှားတတ်မှုဗျာပါဒတစ်ခုကြောင်းကို လူတိုင်းသိသင့်တယ်လို့ ယုံကြည်မိတယ်။

ပြီးတော့ သူ ဒီစိတ်ဝေဒနာကို ဘယ်လိုတိုက်ထုတ်နေကြောင်းကိုလည်း အခါအခွင့်ကြုံရင် ပြောပြချင်ပါသေးတယ်။

မယ့်ကိုး