10 July 2018

ယောက်ျားပီသတယ် ဆိုရာဝယ်



နိုင်ငံပဲပျက်ပျက်၊ ကမ္ဘာပဲကြေကြေ၊ ကောင်းကင်ပဲပြိုပြို Exo, BTS စတဲ့ kpop ဖန်တွေ၊ ခီဖန်၊ ဒေါင်းဖန်၊ စိုင်းစိုင်းဖန်၊ လုလုအောင်ဖန်၊မအေးသောင်းဖန် စတဲ့ idol fan တွေက သူတို့ချစ်သူတွေကို အသည်းအသန်၊ စွမ်းစွမ်တမံ ကာကွယ်ပေးနေဦးမှာပဲလို့ ထင်မိတယ်။ ရင်ထဲရှိရာ ထထပြောတတ်သူပြီး တစ်နှစ်မှာ ဆယ်လလောက်ပျောက်တတ်သူ ကိုယ်လည်း လေလောကီသားပေမို့ တစ်ခါတစ်လေတော့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ချင်မိတယ်။ ZTao, ဒေါင်း၊ ရဲတိုက်တို့ကို တစ်ချိန်လုံးချစ်ကြောင်းပြောနေသူတွေကိုလည်း အားကျမိတာကြောင့်လည်း Chris Evans ကို ပွဲထုတ်ချင်မိတယ်။ ဆိုင်သူရှိတယ်ဆို မင်းသားကအစ မကြိုက်တတ်တဲ့ကိုယ့်အဖို့ သူ့ရည်းစားသစ်မရခင်အထိ သူဘယ်လောက်ချစ်စရာကောင်းပုံကို ပြောမယ်လို့ စိတ်ကူးထားပါတယ်။ (ဗိသုကာအကြောင်း၊ စာကြောင်းပေကြောင်းလည်း ပြောမှာပါ။ But Mission is Chris. ^~* )

သူဟာ မိဘမေတ္တာ၊ မောင်နှမ ချစ်ခြင်းတွေကြားမှာ ပြည့်စုံကောင်းမွန်စွာကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ ဝါသနာနဲ့စပ်အပ်တဲ့အလုပ်ကိုလည်း အခက်အခဲအတားအဆီးတွေမဲ့စွာ လုပ်ခွင့်ရပြီး အောင်မြင်မှုရလာသူပါ။ အထက်တန်းကျောင်းပြီးတဲ့အခါ ရုပ်ရှင်အေဂျင်စီတစ်ခုက အလုပ်လျှောက်ပြီး အလုပ်ရ၊ အဲဒီမှာခဏလုပ်ရင်း ဟိုကဒီကခေါ်ရိုက်ပြီး နောက်မင်းသားဖြစ်လာတဲ့သူဆိုတော့ အတိတ်ကံကောင်းသူလို့ ပြောနိုင်ပါတယ်။ နောက်တခြားသူတွေလိုချင်လွန်းလို့ လျှောက်ကြတဲ့ Caption America ဇာတ်ကောင်ကို ဇာတ်ကားကိုးကားတောင် ချုပ်ရမှာဆိုပြီး ငြင်းတာတောင် Marvel က လက်မခံဘဲ သုံးခါတိုင်တိုင် ကမ်းလှမ်းခဲ့တာပါ။နောက်ဆုံး ရောဘတ်စ်ဒေါင်နီ ဂျူနီယာက ရိုက်ပါဆိုပြီးပြောမှ ၆ ကားနဲ့အပြီး စာချုပ်မယ်ဆိုမှ လက်ခံခဲ့သူလည်း ဖြစ်ပါတယ်။ ဒီမှာ ဘာဖြစ်လို့ငြင်းခဲ့တာလဲဆိုရင် ကျော်ကြားမှုကို ဒဏ်ကို စိုးရွံ့ခဲ့တာကြောင့်လို့ သူကဆိုပါတယ်။

သူက အလုပ်လုပ်နေရတာ ကိစ္စမရှိဘူး။ စာနယ်ဇင်းဆွေးနွေးပွဲတွေရှိရင် စိုးရိမ်မှုကြောင့်ကြစိတ်ဖြစ်တယ်လို့ ပြောတယ်။ 'ဒါတကယ့်ကို ရင်တုန်ပန်းတုန်ဖြစ်စရာပဲ။ ကိုယ့်မိသားစု၊ကိုယ့်လူတွေမှာ ရှိနေရင်း လုံခြုံရေးတွေလူတွေအကုန်ရှိတဲ့ ကြောင်တောင်တောင်ကားရပ်စရာနေရာမှာ ရပ်လိုက်ရတယ်။ ရုတ်တရက်ပဲ သက်သောင့်သက်သာရပ်ဝန်းက ထွက်လိုက်ရတယ်။ အဲဒါထူးဆန်းတယ်။ ဒီကိစ္စသေးသေးလေးက လူကို စိတ်ရှုပ်စေတယ်ဆိုတာ' တဲ့။

ခရစ်က ပြောဖူးတယ်။ 'ကော်ဇောနီပေါ်လမ်းလျှောက်ရတာ ဘယ်လောက်ကြာမှာလဲ အလွန်ဆုံး နာရီဝက်ပေါ့။ ဒါပေမယ့် အဲဒီနာရီဝက်ဟာ ကျွန်တော့်အတွက်တော့ မီးသွေးခဲပူပူမှာ လျှောက်ရတဲ့ နာရီဝက်ပါ'တဲ့။ လူတွေ၊ကင်မရာတွေဒဏ်ကို သူဟာ အဲဒီလောက်ထိခံစားရပါတယ်။ ပြီးတော့ သူဟာ စာနယ်ဇင်းတွေ့ဆုံပွဲတွေကိုလည်း မကြိုက်ပါဘူး။ 'ဒါက တစ်ယောက်ချင်းမေးတာလို မဟုတ်ဘူး။ အင်တာဗျူးက အခန်းထဲမှာ ကိုယ်ကထိုင်နေမယ်။ သူတို့က တစ်ယောက်ပြီးတစ်ယောက်မေးမယ်။ အဲဒါကို တစ်နေကုန်လုပ်နိုင်တယ်။ အရည်ပျော်ကြမသွားဘူး။ ဒါပေမယ့် စာနယ်ဇင်းတွေ့ဆုံပွဲတွေက တကယ်ဖိအားများတယ်။ လူလယ်ခေါင်မှာ ကိုယ်က။ စစ်တပ်တစ်တပ်နဲ့တိုက်မယ်ဆို သူတို့ကို တန်းစီပြီး တစ်ယောက်ချင်းစီပဲ တိုက်နိုင်မယ်။ အခုသူတို့က ပတ်ပတ်လည်ဝိုင်းတိုက်တာ။ ခံရရော' လို့လည်း ဆိုခဲ့တယ်။



credit: Gettyimage 
 


သူဘာဖြစ်လို့ ဒီလိုသည်းမခံနိုင်တာလဲဆိုတဲ့အကြောင်းကိုလည်း ရှင်းပြတယ်။ 'ကိုယ့်အလုပ်ကို စိတ်ဝင်စားတဲ့သူတွေနဲ့စကားပြောရတာ ကောင်းတယ်။ ခပ်တုံးတုံးအကြောင်းတွေနဲ့အသုံးမကျတဲ့မေးခွန်းတွေကို ကိုယ်ကအရေးစိုက်သလိုလုပ်ပြီး ပြန်ဖြေရတဲ့အခါ ပေါက်ကွဲမိတယ်။' တဲ့။ ဒါက လူတိုင်းလိုလိုဖြစ်နေကျပါပဲ။ ဒါပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်အချို့အတွက်တော့ နားလည်ဖို့ခက်ကြတယ်။

'အဲဒါတကယ်ရယ်ရတယ်။ သူက တကယ့်ကိုအေးအေးလူလူသမား၊ အပေါင်းအသင်းတွေနဲ့သွားရလာတာ၊ လူတွေကြားနေရတာလည်း ကြိုက်တယ်။ ဒါပေမယ့် စာနယ်ဇင်းလုပ်တော့မယ်ဆို၊ အလုပ်နဲ့ပက်သက်ပြီး စကားစစ်ထိုးရတော့မယ်ဆို ခြောက်ခြားနေတော့တာပဲ' လို့ဆိုကြတယ်။

ရောဘတ်စ် ဒေါင်နီက ဂျင်မီကင်မဲလ်အင်တာဗျူးမှာ ' ကျွန်တော်တို့က အော်ဒီကားထဲဝင်ရမှာ။ အဲဒီမှာ သူက ဘာလုပ်ရမှန်းမသိဘူး။ အစ်ကို အရင်ဝင်မလား၊ ကျွန်တော်အရင်ဝင်ရမလားမေးနေလို့ ' ဟေ့ကောင်၊ ယောက်ျားလိုနေ' လို့ ပြောရတယ်ဆိုပြီး ခရစ်အကြောင်းကို ဆိုဖူးတယ်။ အဲဒီအင်တာဗျူးကြည့်ပြီး 'toxic masculinity' ဆိုတဲ့ ဝေါဟာရကို ပိုနားလည်မိတယ်။ ယောက်ျားလိုနေဆိုတာ ဘာကိုပြောတာလဲ။ တကယ်က စက်ရုပ်လိုနေလို့ ပြောသင့်တာ မဟုတ်လား။

အရပ်မြင့်မြင့်၊ ခန့်ခန့်ညားညား ကျားကိုးစီး စားမကုန်တဲ့ ယောက်ျားတစ်ယောက်က လူမှုဆက်ဆံရေးဆိုင်ရာမှာ  စိုးရိမ်ကြောင့်ကြစိတ် (social anxiety) ရှိတာကို တွေ့ရတဲ့အခါ လူတွေက ရယ်ကြတယ်။ ယောက်ျားလည်း လူပဲမို့ ပတ်ဝန်းကျင်စိမ်းနဲ့ကြုံတဲ့အခါ လူတွေက ကိုယ့်ကိုဝိုင်းကြည့်အကဲခတ်နေကြတဲ့အခါမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ပါတယ်။ ဒါကို ရယ်စရာလှောင်စရာလုပ်နေကြတာဟာ မသင့်တော်ပါဘူး။ မဖြစ်သင့်ပါဘူး။ ရက်စက်မှုပါပဲ။

ယောက်ျားဆို ဘာလုပ်လုပ်ဘာဖြစ်ဖြစ် စိတ်ဓာတ်ကြံ့ခိုင်နေရမယ်ဆိုတာ မှားယွင်းတဲ့တွေးခေါ်မှုပါပဲ။ ကလေးဘဝတည်းကစလို့ ယောက်ျားဆို မငိုရဘူး။မပျော့ညံ့ရဘူးဆိုကာ  ယောက်ျားရဲ့ စိတ်ခံစားရတာတွေကို ထုတ်ဖော်မပြောစေချင်ကြဘူး။ မမြင်ချင်ကြဘူး။ ယေကျ်ားစိတ်ဆိုတာ တစ်ချိန်လုံးခိုင်မာတော့င်တင်းနေရမယ်လို့ ခံယူထားရကြတယ်။ ယောက်ျားဆိုတာ ပြဿနာကို စကားနဲ့ မပြောဘဲ လက်နဲ့အကြမ်းဖက်ဖြေရှင်းတတ်ကြတယ်။ ဒါယောက်ျားသဘာဝဆိုပြီး မှားယွင်းလက်ခံထားကြတဲ့ အဆိပ်အတောက်ဖိုသဘာဝအမြင်သာ ဖြစ်ပါတယ်။

ယောက်ျားစိတ်ကို အရုပ်လို၊ အရိုင်းလို၊ ဘုရားလို ကန့်သတ်ချင်တဲ့ သဘာဝကြောင့် စိတ်ဆင်းရဲမှုကြုံလာတဲ့အခါ ယောက်ျားတွေဟာ ဘယ်သူ့ ကို ရင်ဖွင့်လို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားမလည်ကြတော့ဘူး။ ကိုယ်ဘယ်လိုခံစားနေရလဲ။ ဘာကြောင့်ခံစားနေရလဲ။ ခံစားချက်ကို ဘယ်လိုကုစားမလဲ အဖြေမရှာတော့ဘူး။ အရက်သောက်တယ်။ နည်းမျိုးစုံနဲ့အာရုံလွှဲတယ်။ ထုံပေအောင် နေတယ်။ ကိုယ့်ကိုယ်ကိုယ်မသိယောင်ဆောင်တယ်။ မာကျောအောင် ကြိုးစားရင်း ရက်စက်တတ်လာကြတယ်။ ဒီလိုကိုယ့်ကိုယ်ကိုယ်ညှင်းပန်းခြင်းဒဏ်ကို ဒီယောက်ျားတွေပဲ ခံရပြန်တယ်။ သူတို့ရဲ့လူသိမခံတဲ့ စိတ်ဒဏ်ရာဟာ ပျောက်ကင်းဖို့မဖြစ်နိုင်တော့ဘူး။ ရလာဒ်ကတော့ ယောက်ျားတွေရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုက မိန်းမတွေထက်များတယ်။ လူသတ်မှု၊ အကြမ်းဖက်မှုကျူးလွန်တာလည်း ယောက်ျားတွေက အများစုဖြစ်နေတယ်။

ယောက်ျားပီသတယ်ဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာတယ်။ ယောက်ျားလည်း လူတစ်ယောက်ပဲမို့အားငယ်တတ်တယ်။ တစ်ချို့အရာတွေကို ကြောက်ရွ ံ့တတ်တယ်။ တစ်ချို့အရာတွေမှာ စိတ်လှုပ်ရှားတတ်တယ်ဆိုတာ လူတိုင်းလက်ခံနားလည်တတ်မယ့်အချိန်ရောက်ဖို့ ဘယ်လောက်စောင့်ရဦးမှာလဲ။ ခရစ် အက်ဗင်စ်ကတော့ သူ့အငုံစိတ်၊ကြောင့်ကြစိတ်၊စိုးရိမ်ဗျာပါဒတွေကို လူရယ်ခံရသည့်တိုင် တရားဝင်ပြောကြားခဲ့တဲ့ တကယ့်ယောက်ျားစစ်ဖြစ်ပါတယ်။

ခရစ်က Caption America ဇာတ်ကောင်ကို ရွေးချယ်မှု၊သူ့ကြောက်စိတ်နဲ့ပက်သက်ပြီး ' ကိုယ်အကြောက်ဆုံးအရာတွေဟာ ကိုယ်အလုပ်သင့်ဆုံးအရာဖြစ်နိုင်တယ်။ ကိုယ်ကိုယ့်ကိုယ်လုပ်ဖို့တွန်းအားပေးသင့်တဲ့အရာ ဖြစ်မယ်။ ဒီလိုတွေးရင်းနဲ့တစ်ချို့အရာတွေဟာ ယုတ္တိတန်လာတယ်။' လို့ဆိုတယ်။

ဒီလိုပဲ ကိုယ်ဟာ ခရစ်အကြောင်းကို ပြောရတာ အရေးပါတယ်။ အဓိပ္ပါယ်ရှိတယ်လို့ထင်မိတယ်။ နတ်ဘုရားနဲ့ယှဉ်သတ်နိုင်တဲ့၊ စစ်တပ်တစ်တပ်လုံး ဖြိုခွင်းနိုင်တဲ့ ကြောက်စိတ်မဲ့သူလို ထင်ရတဲ့ ဇာတ်ကောင်ရဲ့နောက်ကွယ်က ယောက်ျားတစ်ယောက်ရဲ့ စိတ်လှုပ်ရှားတတ်မှုဗျာပါဒတစ်ခုကြောင်းကို လူတိုင်းသိသင့်တယ်လို့ ယုံကြည်မိတယ်။

ပြီးတော့ သူ ဒီစိတ်ဝေဒနာကို ဘယ်လိုတိုက်ထုတ်နေကြောင်းကိုလည်း အခါအခွင့်ကြုံရင် ပြောပြချင်ပါသေးတယ်။

မယ့်ကိုး


No comments: