11 July 2018

'ရှူး'

လူတောမတိုးဘူးလို့ အမေက ကျွန်မကို ပြောလေ့ရှိပါတယ်။ အမှန်ပါပဲ။ ကျွန်မမှာ လူတွေနဲ့ဆက်ဆံရမှာကြောက်တဲ့စိတ်ဝေဒနာ (social anxiety) ရှိတယ်လေ။ လူတွေက ကျွန်မကို အာရုံစိုက်နေတယ်ဆိုတာ သိလိုက်တာနဲ့ စိတ်ရောလူပါ သက်သောင့်သက်သာ မရှိတော့ဘူး။ တစ်ကိုယ်လုံးပူနွေးလာတယ်။ အသံတုန်ကာ စကားပြောရခက်လာတယ်။ နှလုံးခုန်ပြန်ပြီး ခြေလက်မခိုင်ချင်သလိုဖြစ်တယ်။ လူတွေက ဒီလိုဖြစ်ပျက်တုန်လှုပ်နေမှုကို ကဲ့ရဲ့မှာစိုးတယ်။ အကဲဖြတ်ခံရတာ ကြောက်တယ်။ အဲဒီလို ရုပ်ပျက်လေ ပိုအရှက်ရလေဖြစ်နေခဲ့တယ်။

 ဒီစိတ်ဝေဒနာကို ခံစားရခြင်းတွေဟာ အကြမ်းမျဉ်းအားဖြင့် အနိုင်ကျင့်ခံခဲ့ရလို့၊ မိသားစုတွင်းမှာ ပဋိပက္ခဖြစ်ခဲ့လို့၊ လိင်မှုဆိုင်ရာအကြမ်းဖက်ခံခဲ့ရတာတွေကြောင့်လို့ ဆိုတယ်။ အဲဒါကြောင့် ကလေးဘဝကစပြီး ယနေ့ထက်ထိ အရာရာပြည့်စုံတယ်ထင်ရတဲ့ ခရစ် အက်ဗင်စ်မှာလည်း  ဒီလိုမျိုးစိတ်ဝေဒနာ ရှိတယ်လို့သိလိုက်ရတဲ့အခါ အံ့သြသွားမိတယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း မိဘမှာ ဒီလိုစိတ်အခြေအနေမျိုးဖြစ်တတ်ရင် ကလေးက မိဘဆီက သင်ယူပြီး ဖြစ်တတ်တယ်လို့ဆိုသလို အရမ်းထိန်းချုပ်ခံရပြီး၊ အလွန်အကျွ ံကာကွယ်ပေးခံရပြီး ကြီးပြင်းလာရင်လည်း ဒီစိတ်ဝေဒနာဖြစ်လာတတ်တယ်လို့ ဆိုကြတယ်။

လူတစ်ယောက်ရဲ့ဘဝကို အပြည့်အစုံနားလည်ဖို့ ခက်ပါလားဆိုတာ ဝန်ခံလိုက်ရတယ်။ ဒီလိုဒဏ်ရာတွေကို သူဘယ်လိုရရှိခဲ့တာကို သိဖို့ထက် သူလည်းကိုယ့်လို ဒီစိတ်ဝေဒနာခံစားရပါလားဆိုကာသာ စိတ်မကောင်းဖြစ်မိတယ်။ ဒါဟာ ကြင်နာမိခြင်းရဲ့ လမ်းစဖြစ်ပါလိမ့်မယ်။ ဒီစိတ်ဝေဒနာကို ဘယ်လိုပျောက်ကင်းအောင်ကုသမလဲ။ သူရော ကျွန်မပါ အဖြေရှာခဲ့ကြတယ်။ ဒီလိုစိတ်ပူပန်မှုဖြစ်လာပြီဆို ခန္ဓာကိုယ်က ဖြစ်ပေါ်လာတဲ့တုန့်ပြန်မှုတွေဟာ အန္တာရယ်တစ်ခုကြုံတွေ့ရပြီဆို ဖြစ်ပေါ်လာတဲ့ ဓာတ်သဘာဝတွေပဲဖြစ်ပါတယ်။သက်ရှင်ဖို့အခွင့်ပေးတဲ့ တိုက်မလား ပြေးမလား ( Fight or Flight) အခြေအနေဖြစ်ပေါ်နေခြင်းပေါ့။  

ကျွန်မက ဒီဗျာပါဒတွေကို ဘယ်လိုထိန်းချုပ်လဲဆိုရင် အသက်ရှုတယ်။ (Breath) ။ ရှင်းရှင်းလေးပဲ။ အခြေအနေတွေဟာ ငါထင်သလောက်ဆိုးတဲ့အရာတွေ မဟုတ်ဘူးလို့စဉ်းစားတယ်။ အသက်ရှုတယ်။ လူတွေက ငါ့ကို ဒီလောက်အရေးမထားပါဘူး။ ငါဖြတ်သန်းနိုင်တယ်လို့အားပေးတယ်။ အသက်ရှုတယ်။ အာနပါနလေ့ကျင့်ခန်းပေါ့။

ခရစ်ကတော့ ဒီလိုအကြံပေးတယ်။ 'ဒါ သိပ်ရိုးလွန်းတယ်လို့ ထင်ရတယ်။ ဒါပေမယ့် နက်နဲသိမ်မွေ့တယ်။ "ရှူး" လို့ ကျွန်တော်ပြောမယ်။ "ရှူး" ဆိုတာ ကျွန်တော့်အတွက်တော့ သိပ်အရေးပါတယ်။ ကျွန်တော့်ဦးနှောက်က ဘယ်လောက်ဆူညံတယ်ဆိုတာ ဆန်းကြယ်သလို ဖြစ်မိတယ်။ ဦးနှောက်တိုင်းက ဆူညံမှာပဲ။ အတွေးတွေဖြစ်နေတာကို။ ပြဿနာက ကျွန်တော်တို့ဘဝမှာ ဆင်းရဲဖြစ်ခြင်းအကြောင်းရင်းက ဒီဦးနှာက်ကဆူညံသံတွေ နားထောင်ပြီး လိုက်လုပ်တာ။ ဒီအသံတွေကို ကိုယ်ဘယ်သူဆိုပြီး သတ်မှတ်နေတာပဲ။ ဒါဟာ ဦးနှောက်ကပြုလုပ်တဲ့ ဆူညံသံတွေသာ ဖြစ်တယ်။ အဲဒါထက်ဘာမှ မပိုဘူး။ အဲဒါထက် ဘာမှမပြောဘူး။ ရှူး(ဆိုပြီး ဦးနှောက်ကအသံတွေကို ငြှိမ်းလိုက်) ဒါက ခင်ဗျားကို တောင်တော်အထောက်အကူပြုလိမ့်မယ်' တဲ့။




သူဟာ ဒီအကြံပေးချက်ကို တွေ့ဆုံမေးမြန်းခန်းတော်တော်များများမှာ ထည့်ပြောတတ်ပါတယ်။ ' ဒီဆူညံသံဟာ ပျောက်ကွယ်သွားလိမ့်မယ်။ ခင်ဗျားက အတွေ့အကြုံတစ်ခုရလိုက်မယ်။ ဒီလိုနဲ့ခင်ဗျားက ရှင်သန်ခြင်းလှိုင်းကို တကယ်စီးဖြစ်တယ်' လို့လည်း ပြောတတ်တယ်။ တရားထိုင်တဲ့ ကျွန်မအတွက် သိပ်နားလည်လွယ်ကူပြီး အကျိုးရှိတဲ့ အကြံပေးချက်ဖြစ်ပါတယ်။ တရားစကားနဲ့ပြောရမယ်ဆို ရုပ်နာမ်က သူ့ဘာသာသူဖြစ်ပျက်နေတာ။ အတွေးတွေက ငါမဟုတ်ဘူး။ သူ့ဘာသာသူဖြစ်လာပြီး ပျောက်ပြယ်သွားတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။

ဒါသိပ်အံ့သြစရာတော့ မဟုတ်ပါဘူး။သူဟာ ကတ်သလစ်ဘာသာဝင်အဖြစ်ကြီးပြင်းလာခဲ့ပေမယ့် ဘာသာအသီးသီးမှ ဘုရားများကို အသိအမှတ်ပြုကိုးကွယ်တယ်လို့ပြောသလို ဗုဒ ္ဓ္ဓ ဘာသာဆိုင်ရာ အတွေးအခေါ်များကို အတော်လေးစိတ်ဝင်စားတယ်လို့ သိရပါတယ်။ သူဟာ တရားထိုင်ခြင်းကို ကျင့်စဉ်အဖြစ်လေ့ကျင့်တယ်လို့ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာရလာတဲ့အခါ ဆေးနည်းအမျိုးမျိုးနဲ့ ပျောက်ကင်းအောင် ကြိုးစားကြတယ်။ ဆေးနည်းတွေ မျှဝေကြတယ်။ ဒဏ်ရာအတိမ်အနက်ပေါ်မူတည်ပြီး အနာနဲ့ဆေးတည့်ချင်မှတည့်မှာဖြစ်ပေမယ့် နာကျင်မှုခြင်းတူတဲ့အခါ လူတွေဟာ နီးစပ်သွားကြတယ်။ လူဘုံအလယ်မှာ ထိတ်လန့်တတ်တဲ့မိန်းမတစ်ယောက်ဟာ သူဘယ်လိုခံစားရလဲဆိုတာ နားလည်တယ်ဆို မရယ်စေချင်ပါဘူး။

ကိုယ်ချင်းစာတယ်ဆိုတာ အပြောလွယ်သလောက်ခက်တယ်။ ချောက်ထဲကျဖူးသူတွေသာ ဘယ်လိုခံစားရကြောင်း အကျယ်ချဲ့ပြောစရာမလိုဘဲ နားလည်နိုင်ကြတယ်။ သူ့ရဲ အားနည်းချက်ကို ဖွင့်ပြောရဲမှုကို လေးစားတယ်။ ပြဿနာကို ချဉ်းကပ်ဖြေရှင်းနိုင်စွမ်းကို သဘောကျတယ်။ ဒါကြောင့် သူဟာ ယောက်ျား၊မိန်းမတွေ သားရေကျစရာ လိင်တစ်ခုသာမဟုတ်ဘဲ ခံစားတတ်တဲ့နှလုံးသားရှိတဲ့၊ ဉာဏ်ရည်မြင့်တဲ့လူတစ်ယောက်ဖြစ်ပါတယ်လို့ ပြောချင်တယ်။ 

ရိုးသားစွာ ဝန်ခံမှုပါ။ အဲဒီလူတစ်ယောက် စိတ်အားငယ်နေချိန်မှာ အားပေးချင်တယ်။တုန်လှုပ်နေတဲ့ သူ့လက်ကို ထွေးကိုင်လို့ ' ဘာမှ အရေးမပါဘူး။ အဆင်ပြေသွားမှာပါ' လို့ ပြောချင်တယ်။ မနီးမဝေးက ပြုံးကြည့်ရင်း 'အဆင်ပြေတယ် သိလား။ အောင်မြင်တယ်' ဆိုတာကို အသံမဲ့ဖော်ပြချင်တယ်။ အန္တာရယ်တွေကြုံတဲ့အခါ သူဘယ်လောက်ခွန်အားကြီးပါစေ သူ့ရှေ့မှာ ရပ်ကာ သူ့ကို ကာကွယ်လို့ သူ့ကိုစိတ်လုံခြုံမှုပေးနိုင်သူ ဖြစ်ချင်တယ်။ ကံနည်းသူမို့လည်း မိတ်ဆွေအဖြစ်နဲ့တောင် ဒီအခွင့်အရေးတွေ မရနိုင်ဘူးဆိုတာ လက်ခံရတာလောက် ဝမ်းနည်းစရာကောင်းတာ ဘယ်မှာရှိတော့မလဲနော်။

လူတစ်ယောက်က တစ်ယောက်ကိုနားလည်နေပေမယ့် တစ်ယောက်ကတော့ အဲဒီလူအသက်ရှင်နေပါတယ်ဆိုတောင် မသိဘူးတဲ့။ ကြေကွဲနာကျင်ခြင်းတွေကိုလည်း သူပြောသလို 'ရှူး' ဆိုပြီး ငြှိမ်းလို့ရရင် သိပ်ကောင်းမှာပဲ။ ခက်တာက လူမိုက်စင်စစ်ရယ်ပါ။ ချစ်ခြင်းနဲ့ ကြေကွဲခြင်းကို တစ်လှည့်စီ စားသုံးကာ။ တစိမ့်စိမ့်လွမ်းဆွတ်ရခြင်းကို အရသာခံချင်နေသေးတာ။ အလဟာသတဲ့လား။ ရယ်စရာတဲ့လား။ ဘာပဲပြောပြော သူဘယ်တော့မှ မသိနိုင်တဲ့ အဝေးကလူရဲ့ချစ်ခြင်းတွေက ငြိမ်းအေးပါတယ်ကွယ်။ ။

မယ့်ကိုး

No comments: