15 July 2018

သားကောင်းမှလင်ကောင်းဖြစ်

သားကောင်းလင်ကောင်းမဖြစ် စကားပုံကြောင့် ငယ်ငယ်တုန်းက သားကောင်းကိုရရင် ယောက္ခမက နှိပ်စက်တာခံရတော့မှာပဲ တွေးခဲ့တယ်။  အမေကိုးကွယ်တဲ့သားတွေကြောင့် အိမ်ထောင်ရေးပြိုကွဲသွားတဲ့ စာတွေ၊ လက်တွေ့ဘဝတွေမြင်ရတော့လည်း ဒီအဆိုဟာ မှန်သလားလို့တောင် ယုံထင်ကြောင်ထင်ဖြစ်မိတယ်။ ဒါပေမယ့် ယဉ်ကျေးချိုသာပြီး ရိုးသားဖြူစင်ကာ တစ်ဖက်သားကိုစာနာထောက်ထားတတ်တဲ့ ယောက်ျားများနဲ့တွေ့ရင် သူ့အမေများ ဘယ်လိုသင်ခဲ့ပါလိမ့်ဆိုပြီး ကျွန်မစဉ်းစားမိတတ်ပါတယ်။ 

အဲဒီလိုအကျင့်ကောင်း၊ စိတ်ကောင်းရှိတဲ့သူရဲ့ အမေဟာ အနိုင်ကျင့်တတ်တဲ့သူဖြစ်မှာမဟုတ်ဘူး။ စိတ်ထားမြင့်မြတ်ရင့်ကျက်သူပဲ ဖြစ်မှာလို့ ယုံကြည်မိတတ်တယ်။ အဲဒီလို သူတို့အမေကိုချီးကျူးမိစေတဲ့ လက်ငါးချောင်းတောင် မပြည့်တဲ့လူစာရင်းမှာ ခရစ်အက်ဗင်စ်ပါဝင်ပါတယ်။ ခရစ်အက်ဗင်စ်ကို လင်ယောက်ျားကောင်းတစ်ယောက်ရဲ့ ရှိသင့်တဲ့စံတွေ တိုင်းတာလို့မရသေးသည့်တိုင်အောင် သားအမိတွေကြားက ရှိသင့်တဲ့ဆက်ဆံရေးကို နားလည်စေတယ်။

အနိုင်ကျင့်ဗိုလ်ကျသူတွေကို တိုက်ဖျက်တတ်တဲ့ ကပ္ပတိန်အမေရိက စိတ်ဓာတ်ကို ငယ်ငယ်လေးတည်းက သူ့အမေအားပေးပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။သူ သုံးလေးတန်းလောက်တုန်းက ကလေးတစ်ယောက်ကို တခြားသူတွေက အနိုင်ကျင့်နေတာ သူမြင်ခဲ့တယ်။ သူတစ်နေ့ လုံးစိတ်မကောင်းဖြစ်နေခဲ့တယ်။ ညအိပ်ရာဝင်တဲ့အခါ စောင်လာခြုံပေးတဲ့ သူ့အမေကို သူစိတ်မကောာင်းဖြစ်ရတဲ့အကြောင်းပြောတော့ သူ့အမေက (သူကာကွယ်မပေးနိုင်ခဲ့လည်း) စိတ်နှလုံးသားကတော့ အရေးကြီးဆုံးပါ။ အဲဒီစိတ်နှလုံးသားကို အမြဲမြန်ကန်နေအောင်ထားဖို့ ပြောခဲ့တယ်။

 ဒီလိုစိတ်ထားမျိုးကအစ လိင်ကိစ္စတွေအထိ သူနဲ့သူ့အမေဟာ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးနိုင်ကြသူတွေလည်းဖြစ်တယ်။ သူပထမဆုံးလူပျိုရည်ပျက်သွားတဲ့ အိမ်ကို ပြန်ပြေးပြီး သူ့အမေ့ကို ' သားလုပ်ခဲ့ပြီ။ ဘယ်လိုလုပ်နေလဲတော့ သားမသိဘူး။ ဒါပေမယ့် သားလုပ်ခဲ့ပြီလို့ထင်တယ်' လို့ပြောခဲ့တယ်။ ဒီလိုလိင်ကိစ္စတွေပြောရတာတောင် သူတို့သားအမိဟာ အနေမခက်ခဲ့ကြဘူး။ သူ့အမေက သူ့အကြောင်းတွေကို မျှဝေခဲ့တဲ့အတွက် ဝမ်းသာတယ်လို့ဆိုတယ်။ မိဘတစ်ယောက်အနေနဲ့ရိုးသားမှုကို လိုလားတယ်လို့ ကျွန်တော်ထင်တယ်လို့ သူကဆိုတယ်။




လိင်ကိစ္စတွေကို ရှက်ကြောက်စရာလို့မထင်ဘဲ သဘာဝအဖြစ်လက်ခံထားသူဟာ မိန်းမတစ်ယောက်ကို လိင်ဖျော်ဖြေမှုတစ်ခုလို့သာ မထင်ဘဲ လက်တွဲဖော်လူသားအဖြစ်၊ ချစ်ခြင်းမေတ္တာမျှဝေနိုင်သူအဖြစ် မြင်တတ်တာ မဆန်းပါဘူး။ ပြီးတော့ ခရစ်ဟာ မိန်းမတစ်ယောက်အလှဆိုတာ အရည်ပြားထက်ကျော်ပြီး မြင်တတ်သူလည်း ဖြစ်တယ်။ ရုပ်ဆိုးတယ်ဆိုပြီး သူ့ပရိသတ်တွေက မခံချိမခံသာသဘောမတူကြတဲ့ သူ့ရည်းစားဟောင်း Jenny Slate ကိုဆို ' သူမဟာ သူမရဲ့အားနည်းချက်ကိုပွင့်လင်းမြင်သာစေတယ်။ တအားရိုးသားတယ်။ သူမကိုယ်သူမထက် တခြားသူတွေပေါ်မှာ စိတ်ဝင်စားတယ်။ တကယ့်ကိုကြင်နာစိတ်ရှိတယ်။ သူမနဲ့ပက်သက်ပြီး မချစ်စရာဘာအကြောင်းမှ မရှိဘူး' လို့ ပြောတတ်တယ်။

သူဟာ ဒီလို သူ့ရည်းစားဟောင်းများကောင်းကြောင်းသာ ဆိုသူဖြစ်ပါတယ်။ သူနဲ့ဂျင်းနီစလိတ်တို့ဝေးသွားတဲ့တိုင်အောင် သူမဟာ အံ့သြသင့်ဖွယ် အရည်အချင်းရှိသူဖြစ်ကြောင်း အမြဲပြောတတ်တယ်။ 'ကျွန်တေ်ာ့ဘဝမှာ ဆိုးဆိုးရွားရွားလမ်းခွဲလိုက်ရတာမျိုး မရှိဘူး' လို့ သူက ဆိုတယ်။ 'ပုံမှန်အားဖြင့် ရည်းစားဟောင်းတွေနဲ့တွေ့ထားနဲ့ရင်းရင်းနှီးနှီးပွေ့ဖက်လိုက်တာပဲ။ ပြီးတော့လက်ရှိအခြေအနေတွေပြောပြရတာ ကြည့်နူးအံ့သြစရာပဲ။ တစ်ယောက်ကို ချစ်ရလောက်အောင် နဲ အဲဒီတစ်ယောက်က ပြန်ခွင့်ရတာက တော်တော်ကံကောင်းနေပြီ။ တခြားတစ်ယောက်က ကိုယ့်အကြောင်းကိုအမှန်တကယ်သိတယ်ဆိုတာ သိပ်ရှားတယ်။ ဒါကို တန်ဖိုးထားကာကွယ်သင့်တယ်။' လို့ပြောတတ်တယ်။

သူရဲ့အချစ်ဆုံးသူငယ်ချင်းက မိန်းကလေးဖြစ်ပြီး မိန်းမတွေကို လေးစားတတ်တဲ့သူ့အကြောင်းကို ပြောတိုင်း သူ့အမေအကြောင်းဟာ အဓိကနေရာက ပါဝင်ပါတယ်။ ' ကျွန်တော့အမေက သူ့ခေတ်သူ့အခါထဲက ယောက်ျား၊မိန်းမ သာတူညီမျှအခွင့်အရေးအကြောင်းကို စိတ်ထဲမှာ တဖြည်းဖြည်းစိမ့်ဝင်နေအောင် သင်ပေးခဲ့တယ်' လို့ဆိုတယ်။ ဒါကြောင့်သူဟာ မိန်းမဝါဒီလို့ပြောရမှာ မရှက်သလို အားနွဲ့သူအပေါ် ကြင်နာယဉ်ကျေးစွာ ဆက်ဆံတတ်သူလည်း ဖြစ်တယ်။ ' အကောင်းဆုံးအဖြစ် မိန်းမတစ်ယောက်ကို ပေးနိုင်တဲ့အရာကတော့ အလေးထားဂရုစိုက်မှုပဲ လို့အမေကပြောတယ်။ မိန်းမတွေက ကိုယ့်ကို အထင်ကြီးအောင် မကြိုးစားနဲ့။ သူ ပြောတာနားထောင်ဖို့သာ ကြိုးစားတဲ့။'

ဒီလိုသွန်သင်ခံရတဲ့ယောက်ျားတစ်ယောက်ဟာ လင်ယောက်ျားဆိုးဖြစ်လာမယ်လို့ ကျွန်မ မထင်ပါဘူး။ တကယ်တော့ သားကောင်းမှ လင်ကောင်းဖြစ်နိုင်မယ်လို့ ယုံကြည်မိတယ်။ အမေကို မချစ်တတ်တဲ့သားကသာ စိတ်ဒဏ်ရာတွေဗလာပွနဲ့ မိန်းမတွေကို ထိခိုက်နစ်နာစေမှာပဲလို့ သံသယဖြစ်မိတယ်။ အနည်းဆုံးတော့ မိန်းတွေကို လေးစားတတ်အောင်၊ မိန်းမတွေကို တန်းတူညီမျှလူလို့ နားလည်လက်ခံအောင် သွန်သင်ပေးတဲ့အမေတွေ ဒီထက်များလာမယ်ဆိုရင် လူတကာကို အမျိုးသမီးအခွင့်အရေးအကြောင်းကို အာပေါက်အောင် မပြောရတော့ဘူးလို့ မျှော်လင့်မိပါတယ်။ ။

 မယ့်ကိုး

No comments: