16 August 2018

အတွင်းစွဲ

'ငါက အတွင်းစွဲ (introvert)' လို့ ကျွန်မ ပြောမိတော့ ' အတွင်းစွဲဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ မဖြစ်နိုင်ဘူးလား' လို့ တစ်ယောက်က ပြန်ပြောတယ်။ အဲဒီစကားကို စဉ်းစားလို့ မဝနိုင်ဘူး။ ကလေးဘဝတုန်းကတော့ သွက်လက်ချက်ချာတဲ့ကလေးမလေးလို့ လူတွေက ပြောကြတာပဲ။ ဒါပေမယ့် သိတတ်စအရွယ်မှာတင် ပြောင်းလဲသွားခဲ့တယ်။ ရိုက်နှက်ခံခဲ့ရမှုတွေ၊ ဖိနှိပ်မှုတွေ၊ ဒဏ်ခတ်ခံရမှုတွေ။

 ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်သတိမထားမိတဲ့အကြောက်တရားကို ရင်ထဲထည့်ကာ လူတွေနဲ့အဝေးဆုံးကို ရွေ့သွားခဲ့တာ။ အနာတရဘေးကို ရှောင်ရှားကာ မည်သူတစ်ဦးတစ်ယောက်နဲ့မှ အကျွမ်းတဝင်နေဖို့ မကြိုးစားတော့တာ။ မှန်နံရံတွေကာရင်း အားလုံးနဲ့စည်းခြားကာ။ အထီးကျန်ခြင်းမှာ ပျော်မွေ့အောင် ကြိုးစားနေတတ်လာ။ ကိုယ့်ကိုယ်ကိုယ် အတွင်းစွဲလို့ ကြေငြာကာ။ အခုလိုကိုယ့်အကြောင်းကိုယ်သိပေမယ့် ပြင်နိုင်သေးရဲ့လား။ မသေချာဘူး။

နယ်အလုပ်ကြောင့် အိမ်ပြောင်းဖြစ်ရင်ဆိုရင် အိပ်ခန်းလေးတွေ ရှာဖြစ်တော့ ပိုင်ရှင်အခန်းဖော်နေရာမှာ 'I am a gay male' ဆိုတဲ့ စာကြောင်းလေးတွေ့တယ်။ အခန်းဖော်ဟောင်းကို သတိရမိပြန်ရော။ သူနဲ့နေခိုက်ဟာ အအေးချမ်းဆုံးအချိန်တွေပါ။ ဒါပေမယ့် ကျွန်မတို့မရင်းနှီးကြပါဘဲ။ မီးလျှံလို စည်းခြားထားခဲ့တယ်လေ။ ရင်းနှီးကျွမ်းဝင်လို့ မဖြစ်ဘူး။ တစ်နေ့ ဝေးကွာသွားရမှာ။ ငါပဲ နာကျင်ရမှာ။ ဆိုတဲ့ စိတ်အမြဲရှိနေခဲ့တယ်။

သူပေါင်မုန့်ဖုတ်ကျွေးတာ စားခဲ့ပေမယ့် ကျွန်မက ဟင်းတစ်ခွက် ချက်မကျွေးနိုင်ခဲ့ဘူး။ သူအိမ်ပြန်လာရင် ပြုံးပြီး မကြိုခဲ့ဘူး။ သူနဲ့ဂိမ်းအတူ မဆော့ခဲ့ဘူး။ ရုပ်ရှင်အတူမကြည့်ခဲ့ဘူး။ ဓာတ်ပြားတွေဖွင့် နားမထောင်ခဲ့ဘူး။ သူ့ကို မွေးနေ့လက်ဆောင်မပေးခဲ့ဘူး။

ဘာဖြစ်လို့များ ကျွန်မ ဒီလောက်တောင် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းခဲ့ရပါလိမ့်။ ပြန်တွေးတိုင်း ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲ။ ငါ့ကို ဘယ်သူမှ မချစ်။ ငါလည်း ဘယ်သူမှ မချစ်ဘူး ဆိုတဲ့ သဘောတရားတွေနဲ့ စိတ်ထားကောင်းကြင်နာတတ်တဲ့သူ့နဲ့တောင် သူငယ်ချင်းအဖြစ်မရောက်ခဲ့ပါဘဲ။ အပြစ်တွေ။ အားနည်းချက်တွေ။ အနက်ရောင်ခြယ်ထားတဲ့ အတိတ်တွေ။ ဒဏ်ရာတွေရဲ့အကျိုးဆက်တွေနဲ့လူရယ်လေ... ။ သူ့ကို ဆုံးရှုံးရခြင်းမှာ ယနေ့ထက်တိုင် ဖြေမဆည်နိုင်ပါဘဲ။

ဒီတစ်ခါ အခန်းဖော်နဲ့နေရရင်တော့ စိတ်အသစ်၊လူအသစ်နဲ့ ရင်းနှီးချစ်ခင်သူတွေ ဖြစ်ခွင့်ရလိမ့်မလား။ မြက်ခင်းစိမ်းစိမ်းဝန်းရံထားတဲ့ အစိမ်းရောင်အိမ်လေးဟာ နေချင်စဖွယ်။ ကြောင်လေးနှစ်ကောင်၊ငှက်တစ်ကောင်ရှိတယ်တဲ့။ ပျော်ရွှင်ဖွယ်။ စက်ဘီးလေးစီးကာ အလုပ်သွားမယ်။ ကြည်နူးဖွယ်။ ဟုတ်ကဲ့။ ရောင့်ရဲလွယ်အောင်လည်း ကျွန်မ သင်ယူနေပါတယ်။

 image source:https://www.homedit.com/beautiful-green-houses-shades/


အခန်းဖော်ဟောင်းကို ပေးခဲ့တဲ့ ' survival tree' ဆိုတဲ့ သံလိုက်ပြားလေး သူ့ရေခဲသေတ္တာပေါ်မှာ ကပ်ထားသေးရဲ့လား။ မသေချာဘူး။ ကျွန်မတို့ကြားမှာ လှပတဲ့အမှတ်တရတွေ မရှိခဲ့ပါဘဲ။ ဝမ်းနည်းတယ်။ အတိတ်ကို ပြန်ပြင်လို့ မရတော့တာလောက် ကြေကွဲစရာကောင်းတာ မရှိတော့ပါဘဲ။ ရင်ဖွင့်အော်ချင်ပြန်တယ်။

 ဒါပေမယ့် လူဆိုတာက အတွေ့အကြုံတွေကို မှတ်သားလက်ခံရင်း အသိတရားကို စုဆောင်းရသူမဟုတ်လား။ အသိကိုအခြေခံလို့ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲရတာ။ ဒီလိုနဲ့ ရင့်ကျက်လာကြတာ မဟုတ်လား။ ကျွန်မ ကြိုးစားနေပါတယ်။ သူ့လို လူကောင်းတစ်ယောက်နဲ့ နေထိုင်ခွင့်ရှိလာရင် ကျွန်မဟာ အကောင်းမွန်ဆုံး အခန်းဖော်ဆိုတာ သက်သေပြချင်သေးတယ်။ အခွင့်ရှိသေးရင်လေ။

ဒါပေမယ့် ကံကောင်းမှုဆိုတာ ကျွန်မအတွက် မျှော်လင့်ကောင်းတဲ့အရာမှ မဟုတ်ပါဘဲ။
ကြေကွဲရပြန်တယ်။ ။

မယ့်ကိုး

No comments: