15 September 2018

'ဝန်ခံခြင်း'

သူမကို နှစ်ဖက်ချွန်လိင်စိတ်ရှိသူ ( Bisexual) ဟု ပြောလာလျှင် မငြင်းနိုင်ပေ။ သို့သော် လိင်ပိုင်းဆိုင်ရာထက် အသံပိုင်းဆိုင်ရာဟု ပြောမှ ပိုမှန်ကန်ပေလိမ့်မည်။ ချစ်ဖွယ်ကောင်းသော၊ ကြင်နာမှုစွက်သော ဇာတ်ဆောင်မိန်းကလေးတွေရဲ့အသံကိုနားထောင်လိုစိတ်သက်သက်ဖြင့် ဂျပန်အန်းနမေးဇာတ်လမ်းတွဲများစွာကို သူမကြည့်ခဲ့သည်။ ပဲပြုတ်ရောင်းတဲ့ ကောင်မလေးရဲ့အသံကို နားထောင်လိုစိတ်၊ သူမကို မြင်ချင်စိတ်ဖြင့် အိပ်ရေးပျက်ခံစောင့်ဖူးသည်။ ပဲပြုတ်ကို ရက်ဆက်စားခဲ့ဖူးသည်။

အသံကြောင့်ဖြစ်သော လိင်စိတ်တက်ကြွမှု (Auralism) ဖြစ်သည်ဆိုလျှင်လည်း မမှန်ပေ။ သူမသည် ထိုအသံကို ကဗျာတစ်ပုဒ်လို၊ သံစဉ်တစ်ခုလို၊ ဂီတရသလို ကြားနာခံစားလိုခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အသံနှင့်ပက်သက်လျှင် ဒလိမ့်ခေါက်ကွေးကြွေကျတတ်သောစိတ်ရှိသည်မှာတော့ အမှန်ဖြစ်သည်။ ပါးသိုင်းမွှေးမရှိသော ပုပုသေးသေးထိုလူဝါကလေးကို စိတ်ကစားမိခြင်းကလည်း ထိုအားနည်းချက်ကြောင့်ပင် ဖြစ်သည်။

သူသည် အလွန်တရာကိုယ်ချင်းစာစိတ်ရှိသလို၊ ကြင်နာသလို စကားဆိုတတ်သူဖြစ်သည်။ သူ့ဂရုဏာသံကြားသည်နှင့် တင်းထန်သော၊စူပုပ်သော မျက်နှာမှာ ရုတ်ချဉ်းအကြောလျော့ကာ ညွတ်နူးမြတ်နိုးခြင်းတွေ မျက်ဝန်းမှာ အရိပ်ထင်လာတတ်သည်။အင်တာနက်က အသနားခံသည့်ကြောင်ပုံလိုပဲဟု သူမကိုယ်သူမမြင်မိသည်။


ထိုသိုဖြစ်နေရသည်ကို ရှက်မိသော်လည်း သူမကိုယ်သူမထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်သည်။ ရောဂါကို ပို၍ဆိုးစေသည်ကတော့ သူက အလွန်အမင်းအလိုက်သိတတ်သူလည်း ဖြစ်၏။ သူသည် အများတကာနှင့် စကားပြောသလို မဟုတ်ဘဲ သူမကို ပုံမန်ထက်တစ်ဝက်မျှနှိမ့်ချထားသောကြင်နာသံနှင့် ပြောတတ်သည်။ အရည်ပျော်သွားသော နှလုံးသားကပုံရိပ်များ မျက်ဝန်းမှာ အရိပ်ထင်လာမှာ ကြောက်သောကြောင့် သူမက မျက်နှာတင်းကာ၊ လေသံပြင်းပြင်းနှင့် ပြန်ဖြေလျှင် သူက ရေခဲမုန့်ဝယ်ကျွေးတတ်သည်။ ဤသို့ဖြင့် သူ့ကြောင့် သူမသည် သူစကားပြောတိုင်း မျက်တောင်မခတ်ကြည့်မိတတ်သောသနားစရာကြောင်မည်းလေး ဖြစ်ခဲ့ပြီထင်သည်။





 စာတွေထဲတွင် တခြားသူများကို ကြောင်များကို ခိုင်းနှိုင်းတတ်သောကြောင့် ဝဋ်လည်ခြင်းလည်း ဖြစ်မည်။ ထိုသို့ ကြောင်ဖြစ်သွားသောသူမသည် သူ့ကို ပွတ်သီးပွတ်သပ်ကပ်မချွဲလိုပါ။ စာဖွဲ့လို့ရရုံလေး ချစ်သည်ဟု ဆိုခဲ့သလို နက်ရှိုင်းသော ဒဏ်ရာတွေမတိုးချင်ပါ။ နာကျင်မှုတွေ မခံစားချင်ပါ။ သူ့အသံစက်ဝန်းက ထွက်ပြေးကာ လွတ်မြောက်ရာရလိုပါသည်။ အတည်။

သူ့ကြောင့် သူမ ကြောင်အစစ်ဖြစ်သွားလျှင်တော့ မမမိုးချိုသင်းက မွေးစားမလားလို့လည်း မျှော်လင့်မိလေသည်။ ။

03 September 2018

'တဒင်္ဂ'

ဟယ်ရီပေါ်တာသည် အချစ်တစ်ခုကို ဖြိုခွဲခဲ့ဖူးသည်ဟု သူမ ပြောလျှင် ယုံကြည်စေချင်သည်။ ကံအားလျှော်စွာပင် ထိုအချစ်သည် လူတစ်ယောက်ရဲ့ရင်ထဲက စိတ်ကူးယဉ်အချစ်သာ ဖြစ်သည်။ ခေတ်စကားအရ crush ဟု ပြောနိုင်သည်။

Crush ဆိုတာ ဘာလဲမေးလာလျှင် လူတစ်ယောက်ကို အရှိတရားထက် ပိုမြင်နေတဲ့ စိတ်ကူးဖြင့် အချစ်ဖန်တီးခြင်းလို့ သူမနားလည်ထားသည်။ အဝေးကကြည့်သောအခါ စိတ်ထားပြည့်၊ ဉာဏ်ရည်မြင့်၊ အရည်အချင်းကောင်းတွေချည်း မြင်ရသောအခါ crush ဖြစ်လာသည်။ ကံချို့လျှင်တော့ အနားကို တိုးကပ်မိသောအခါ ၊ ထိုပြစ်မျိုးမှည့်မထင်ပုံရိပ်က အပြစ်အနာအဆာများကို မြင်သောအခါ စိတ်ကူးယဉ်အချစ်မှာ တစ်စစီပြိုပျက်သွားတာကို ကြုံရနိုင်လေသည်။

ခံစားဖူးသူတွေတော့ နားလည်လိမ့်မည် မျှော်လင့်သည်။ ဂျပန်ဝတ္ထုတစ်ပုဒ်ထဲတွင် ခရှက်က သူ့ကိုကြည့်လို့ပြောတဲ့ စကားတစ်ခွန်းကြောင့် ဆယ်နှစ်ကြာစွဲလမ်းခဲ့သော မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ဖတ်ဖူးသည်။ ထိုမိန်းကလေးလိုပင် သူမသည် 'shut up' လို့စကားတစ်ခွန်းဆိုခဲ့သော ယောက်ျားတစ်ဦးကို ကျေးဇူးတင်ချစ်ခင်ခဲ့ဖူးသည်။ သူမကို အတန်းဖော်တစ်ယောက်က အရှက်ခွဲရန် ကြိုးစားသောအခါ သူက ပါးစိတ်ပိတ်ထားလို့ ပြောတဲ့စကားတစ်ခွန်းကို မျက်ရည်ဝဲသည့်အထိ နှလုံးသားတွေတစ်စစီကြွေကြလုမတတ်ခံစားခဲ့ဖူးသည်။

စော်ကားမှုတွေဖြစ်ပေါ်လာတိုင်း သူမအနားမှာ ရပ်တည်ပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ကြောင်း ဘုရားရှိလျှင် ဘုရားအသိပင် ဖြစ်သည်။ သူမတစ်ဘဝလုံးမှာ သူတစ်ဦးတည်းသာ သူမဘက်က ပြောခဲ့တာဟုပင် ဆိုရမည်။ သူက သူမကို ကာကွယ်ပေးတယ်ဆိုတာ သူမကို ချစ်မြတ်နိုးလို့မဟုတ်ဘဲ သူက ကြင်နာတတ်သူဖြစ်လို့ဆိုတာ နားလည်သဘောပေါက်ပေမယ့် ခံစားချက်ဆိုတာ လူ့အလိုမလိုက်တဲ့ နတ်ဆိုးဖြစ်လေသည်။

You will be crushed if you have a crush လို့ သူမ စာရေးဖူးခဲ့သည်။ အချစ်ခံလိုသော သူမသည် ချစ်တတ်သော၊ ကြင်နာတတ်သော၊ သူမကို ကာကွယ်ပေးတတ်သော သူတစ်ယောက်ကို ပြန်လည်စောင့်ရှောက်ချင်စိတ် ဖြစ်ခဲ့ဖူးသည်။ နွေးထွေးသောအလင်းတန်းလို့ သူ့ကို ညွှန်းဆိုခဲ့သော်လည်း သူက ဟယ်ရီပေါ်တာကို စိတ်မဝင်စားဖူး။ J.R Rowling စာအုပ်တွေကို တစ်ခါမှ မဖတ်ဖူးဘူးလို့ ပြောလိုက်သောအခါတွင် သူမရဲ့လှပသော စိတ်ကူးယဉ်တိမ်တိုက်မှာ ရုတ်ချည်းမည်းမှောင်ပြိုကွဲကာ မိုးအဖြစ်ရွာကျလေသည်။ သူမသည် ဝမ်းနည်းခြင်းမိုးရေစိုစိုရွဲလျက်သူ့ကို နားမလည်နိုင်စွာကြည့်ဖြစ်သည်။ ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။

သူမတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်လျှက် အဝေးကြီးကို ရွေ့သွားသည်ဟု ခံစားရသည်။ သူနှင့်သူမအကြား အကြိုက်တရားများ၊ သဘောထားများ၊ နိုင်ငံရေးအမြင်များ၊ အနုပညာရေးရာများကို ဆက်လက်ဆွေးနွေးချင်စိတ်မဲ့သွားသည်မှာ အံ့သြစရာကောင်းလှသည်။

သူမသည် အဆိုးကို မျှော်လင့်တတ်လွန်းသည်။ အကြိုက်ချင်းမတူမှာ ကြောက်နေသောကြောင့် ဘာစကားမှ ဆက်မပြောရဲအောင် ဖြစ်ခဲ့သည်။ ထိုသို့ဖြင့် သူမတို့ဝေးသွားကြသည်လို့ ဆိုပါက တစ်ခြားသူများအတွက် ရယ်စရာဖြစ်သော်လည်း သူမအတွက်မူ ကြေကွဲစရာအတိပြီးသော ဖြစ်ရပ်မှန်ဖြစ်သည်။

ဤသို့စိတ်ကူးယဉ်အချစ်သေဆုံးခဲ့ဖူးသော သူမသည် နောက်တစ်ဖန်စိတ်ကူးယဉ်ချစ်ရမည်ကိုပင် ကြောက်နေလေသည်။ အလိုက်သိ ကြင်နာတတ်သော တစ်ယောက်သောသူက Kazuo Ishigura၊ Haruki Murakami၊ Tadao Ando ၊ Hayao Miyazaki တို့ကို မသိဘူး။ သူတို့ဖန်တီးသော ဗိသုကာ၊ အနုပညာလက်ရာများကို စိတ်မဝင်စားဘူးလို့ ပြောလာလျှင် ဘယ်လိုလုပ်ရမည်နည်း။ တွေးမိရုံမျှဖြင့် အသက်ပင်ဝဝမရှုရဲဘဲ မွန်းကျပ်လာသည်။ စိတ်ဝင်စားကြောင်းပြလာသောသူ့ကို ကျေးဇူးတင်ကြောင်းပဲ ပြောကာ ပြုံးနေချင်သည်။ စိတ်ညွတ်နူးလာလျှင် စာရေးမည်။

Muse။ သူသည် သူမအတွက် အနုပညာဉာဏ်ကွန့်မြူးစေတဲ့ သက်ရှိအထိမ်းအမှတ်လေးတစ်ခုသာ ဖြစ်နေမည်။ လှပမှုကိုသာ မြင်လိုသောသူမအတွက် အချစ်တည်ဆောက်ရာတွင်ပင် ဝေဝါးသောမှန်နံရံများကို အသုံးပြုထားဆဲ ဖြစ်သည်။ ထိုသို့ဖြင့် ခြောက်သွေ့နေသောအသည်းနှလုံးသည် ငြိမ်းချမ်းပါသည်ဟု ဖြေတွေးဦးမည်။ သူမပျော်နေပါသည်ဟု လှည့်ဖျားကာ နေဦးမည်။ တစ်ချို့ပန်းပွင့်များသည် အလှကြည့်ခံစားဖို့အတွက်သာ ဖူးပွင့်လာကြသည်ဟု ထပ်မံဆိုဦးမည်။    ။



 မယ့်ကိုး